ပုသိမ်ကြီး မတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ သစ္စာအဓိဌာန်အောင် ရွှေစာရံဘုရားကြီး၏ (၇၅)ကြိမ်မြောက် စိန်ရတု ဗုဒ္ဓပူဇနိဘုရားပွဲတော် သံဃာ့ဒါန စာရေးတံမဲ လောင်းလှူပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီက ရွှေစာရံဘုရား ရင်ပြင်တော်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့် အဖွဲ့ဝင်များ၊ ပုသိမ်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရွှေစာရံဘုရား ဂေါပကအဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများက ပင့်သံဃာတော်များအား အာရုဏ်ဆွမ်း ကပ်လှူပြီး၊ မြို့နယ်သံဃာ့နာယက အဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တဃောသိတထံမှ ရေစက်ချတရား နာယူကြည်ညိုကာ လှူဖွယ် ဝတ္ထုပစ္စည်းများအား ဗုဒ္ဓသန္တက ဗိမ္မာန်တော်ကြီးတွင် ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ပင့်သံဃာ (၂၁၀)ပါး တို့အား သံဃာ့ဒါန စာရေးတံမဲ လောင်းလှူခြင်းကို ရွှေစာရံဘုရား ရင်ပြင်တော်တွင် ဆက်လက် ကျင်းပရာ တာဝန်ရှိသူများနှင့် ဘုရားဒါယကာ၊ ဒါယိကာမများက လှူဖွယ်ဝတ္ထုပစ္စည်းများ စုံလင်စွာဖြင့် စာရေးတံမဲ လောင်းလှူခဲ့ကြသည်။
အဆိုပါ ဘုရားပွဲတော်တွင် စတုဒီသာကျွေးမွေးခြင်းနှင့် ယနေ့ညပိုင်းတွင် တရားပွဲဖြင့် ထည့်သွင်းကာ သစ္စာအဓိဌာန်အောင်ရွှေစာရံ ဘုရားကြီး၏ (၇၅) ကြိမ်မြောက် စိန်ရတု ဗုဒ္ဓပူဇနိယပွဲတော်အား ပိတ်သိမ်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)