မြစ်သားမြို့နယ်၌ အစိုးရပါဋိပထမပြန် စာမေးပွဲအောင်လက်မှတ်နှင့် စာအောင်ဆုချီးမြှင့်ခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

မြစ်သား မတ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရပါဋိပထမပြန် စာမေးပွဲ အောင်လက်မှတ်နှင့် စာအောင်ဆုချီးမြှင့်ခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့မွန်းလွှဲ (၂) နာရီက ရွှေမုဋ္ဌောဘုရား နန်းအိမ်သူဓမ္မဗိမာန်၌ကျင်းပခဲ့ကြောင်း သိရသည်။                      

ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃) ကြိမ်ရွတ်ဆိုပြီး စတင်ဖွင့်လှစ်ကာ မန္တလေးတိုင်းဒေသကြီး သံဃာနာယကဆရာတော် ဘဒ္ဒန္တဃောသိတ(ဂန္တဝါစကပဏ္ဍိတ)ပထေရ်မှ သရဏဂုံနှင့်ငါးပါးသီလ ခံယူဆောက်တည်ကြပြီး မြို့နယ်သံဃာနယကအဖွဲ့ဥက္ကဋ္ဌ မြစ်ဆုံကြီး ဆရာတော်ဘဒ္ဒန္တပုည (ဂန္ထဝါစကမဏ္ဍိတ) မထေရ်မှ   သြဝါဒကထာ ချီးမြှင့်မှုကိုခံယူခဲ့ကြကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးခိုင်က သာသနာရေးဆိုင်ရာ လျှောက်ထားဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့နောက် ၂၀၂၃ ခုနှစ် ပါဋိပထမပြန် စာမေးပွဲတွင် အောင်မြင်တော်မူကြသော ပထမကြီးတန်းအောင်(၂)ပါး၊ ပထမလက်တန်းအောင်(၈)ပါး၊ ပထမငယ်တန်း အောင်မြင်သူမရှိ၊ အခြေပြုမူလတန်းအောင်(၄)ပါး ပါဋိပထမပြန်စာမေးပွဲတွင် အောင်မြင်တော် မူကြသော သံဃာတော်(၁၄)ပါးတို့အား ဌာနဆိုင်ရာအကြီးအကဲများမှ အောင်လက်မှတ်နှင့် စာအောင်ဆုများ၊ ဝတ္ထုငွေများဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး သံဃာနာယကဆရာတော် ဘဒ္ဒန္တဃောသိတ (ဂန္ထဝါစကပဏ္ဍိတ) မထေရ် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဌတုဟု (၃)ကြိမ်ရွက်ဆိုကာ အခမ်းအနားကိုအောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ စူဠဘွဲ့နှင်းသဘင်အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးသံဃာနာယက ဆရာတော်နှင့် မြို့နယ်သံဃာနာယကအဖွဲ့မှ ဆရာတော်ကြီးများ၊ စာမေးပွဲကြီးကြပ်ရေး ဆရာတော်များ၊ စာအောင် သံဃာတော်များ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)