တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

တောင်သာ မတ် ၁၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာပေမြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်းကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာပေမြတ်နိုးသူများအဖွဲ့ (Book Club) အဖွဲ့ဝင်များမှ စာရေးဆရာ မောင်မိုးယံရေးသားသော လူငယ်နှင့်အနာဂတ်ဘဝမြှင့်တင်ရေး ဆောင်းပါစာအုပ်မှ လူငယ်နှင့်ကျော်ကြားမှု အခန်းအား ဖတ်ကြားရာတွင် ယနေ့ခေတ်လူငယ်များသည် ကျော်ကြားမှုကိုတပ်မတ်လာကြပြီး ထိုးဖောက် ကြတယ်၊ ရုန်းကန်ကြတယ်၊ စွန့်စားကြတယ်၊ အောင်မြင်လိုကြတယ်၊ မိမိဘဝကိုကျော်ကြားမှုဖြင့် ရပ်တည်လိုကြခြင်းသည် ကောင်းသောဆောင်ရွက်ချက်ဖြစ်ပါတယ်။ လူတိုင်းသည် ထင်ပေါ်ကျော်ကြားမှုကို လိုချင်ကြတယ်။ မိမိ၏စွမ်းဆောင်မှုကြောင့် ရရှိသောအောင်မြင်မှုဖြင့် ထင်ပေါ်ကျော်ကြားချင်ကြတယ်။ကျော်ကြားမှုမှရရှိသော ရလဒ်သည် ဘဝအတွက်ဂုဏ်ရှိပြီး ဘဝမြင့်မားမှာဖြစ်တယ်။ ဂုဏ်သတင်း ကျော်ကြားမှုက လူ့ဘဝကိုတန်ဖိုးတက်စေမည်။ လူ့တန်ဖိုးသည်လောကကို အကျိုးပြုသည်ဆိုသော သိက္ခာကြီးမားမှုဖြင့် စံတင်နိုင်သော ကျော်ကြားမှုကို ဆိုလိုခြင်းဖြစ်ပါတယ်။

ရှေးက မြန်မာသမိုင်းတွင် သူခိုးငတတ်ပြား၊ လမ်းမတော်ဖိုးတုတ်ဆိုသော ပုဂ္ဂိုလ်များသည် ဘုရင်နှင့်အုပ်ချုပ်သူ လူတန်းစားကပါ ကြောက်ရွံ့ရလောက်အောင် ဒုက္ခပေးတတ်သော ကျော်ကြားထင်ရှားသူများဖြစ်သော်လည်း မကောင်းမှုလုပ်သောလုပ်ရပ်ဖြင့် ထင်ရှားကျော်ကြားတာ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ကျော်ကြားမှုကို လိုလားသောသူတို့သည် ကောင်းသတင်းဖြင့် ကျော်ကြားခြင်းနှင့် မကောင်းသတင်းဖြင့် ကျော်ကြားခြင်းကို ခွဲခြားသိမြင်ရန်လိုအပ်ပါတယ်။ လူငယ်များအနေဖြင့် ကိုယ်ကျင့်တရားကောင်းမွန်ပြီး အတ္တမာနကင်းသော ကြိုးပမ်းဆောင်ရွက်ပြီး ကျော်ကြားသူများအဖြစ် ကြိုးစားသွားရမှာဖြစ်ပါကြောင်း စသည်များအား တက်ရောက်လာသူများက  အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း   သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)