ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်းစဉ်သည် ထင်ပေါ်ကျော်ကြားသော ခရီးစဉ်ဒေသတစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပခရီးသွားများ နှစ်စဉ်များပြားစွာ လာရောက်လည်ပတ်လျက်ရှိပြီး ပူတာအိုခရီးစဉ်ဒေသသို့ လာရောက်လည်ပတ်သော ပြည်တွင်း၊ ပြည်ပ ခရီးသွားများအား ပူတာအိုဒေသအတွင်း ဘေးကင်းလုံခြုံစွာ လည်ပတ်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးနှင့် လိုအပ်သောကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ဆက်စပ်ဌာနများဖြင့် ပူတာအိုခရိုင်ခရီးစဉ် ဒေသဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီအား ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိပြီး ပူတာအိုခရီးစဉ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံချက် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
နိုင်ငံပေါင်း (၄၈) နိုင်ငံမှလာရောက်လည်ပတ်
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ ပူတာအိုဒေသသို့ ကမ္ဘာ့နိုင်ငံပေါင်း (၄၈)နိုင်ငံမှ ခရီးသွားဧည့်သည် (၁၀၄၉)ဦး လာရောက်လည်ပတ်ခဲ့ကြသည်။ အများဆုံးလာရောက်လည်ပတ်ခဲ့သည့် နိုင်ငံများမှာ အမေရိကန်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံခြားသား လည်ပတ်လာရောက်သူ (၃၉၇)ဦးရှိပြီး ၂၀၁၉-ခုနှစ်အတွင်း (၆၄၂)ဦး လာရောက်ခဲ့သဖြင့် တစ်နှစ်အတွင်း ခရီးသွား (၆၂)ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ်မှစ၍ ကိုဗစ်-၁၉ ရောဂါကြောင့် ခရီးသွာများ ဝင်ရောက်မှုမရှိကြောင်း တွေ့ရှိရသည်။
လမ်းပိုင်းပြီးစီးပါက ခရီးသွားများ ပိုမိုလည်ပတ်နိုင်
ပူတာအိုမြို့နယ်အတွင်းရှိ ရေခဲတောင်များသို့ သွားရာလမ်းဖြစ်သည့် အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်း ရေခဲတောင်သွားလမ်းသည် လမ်းအရှည် (၂၄)မိုင်ရှိပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တောင်ပေါ် မြေသားလမ်း (၁၈)ပေအကျယ်(၁၂/၀)မိုင်အား ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ကျပ်သန်းပေါင်း (၅၄၅.၃၂၀)သန်းဖြင့် ဖောက်လုပ်ပြီးစီးခဲ့ပြီး ဖြစ်ပါသည်။ ကျန်ရှိသည့် လမ်းအပိုင်း (၁၂/၀) မိုင်အနက် (၅/၀)မိုင်အား ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ခန့်မှန်းကုန်ကျငွေ (၃၅၀.၀)သန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသည့်လမ်းပိုင်းများကိုလည်း ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် တင်ဒါအောင် မြင်သည့် ကုမ္ဗဏီများမှ ဆောင်ရွက်လျက်ရှိရာ အဆိုပါလမ်းပိုင်းပြီးစီးပါက ခရီးသွားများ ပိုမိုလည်ပတ်နိုင်မည်ဖြစ်သဖြင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်နိုင်ရေး အစီအမံများအား စနစ်တကျ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။ ယခုလက်ရှိတွင် ပူတာအိုလွင်ပြင်ပတ်လမ်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ပူတာအိုလွင်ပြင်ပတ်လမ်း ဖောက်လုပ်ပြီးစီးပါက ခရီးသွားများ လည်ပတ်သွားလာနိုင်ရေး ခရီးစဉ်သစ်တစ်ခုအနေဖြင့် ဖော်ဆောင်ရန် လိုအပ်မည်ဖြစ်ပါသည်။
နှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ လမ်းဖောက်လုပ်လျက်ရှိ
ပူတာအိုခရိုင်အတွင်း အခြားခရီးသွားလုပ်ငန်းအသစ်အနေဖြင့် ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ သဘာဝတော တောင်ရေမြေများနှင့် မြို့နယ်၏အရှေ့ဘက်ပိုင်းရှိ ရေခဲဖုံးလွမ်းသည့် ရှိန်ခေါင်ဒေသကိုလည်း ခရီးသွား ဒေသအသစ် တစ်ခုအနေဖြင့် ဖော်ဆောင်နိုင်ပါသည်။ လက်ရှိအချိန်တွင်လည်း မဂွေဇ-ခေါင်လန်ဖူးလမ်းကို ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအနေဖြင့် နှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ လမ်းဖောက်လုပ်မှုများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ ခေါင်လန်ဖူးမြို့မှ ရှိန်းခေါင်ဒေသအထိ လမ်းများကိုလည်း ဘဏ္ဍာနှစ်အလိုက် ဖောက်လုပ်လျက်ရှိပါသည်။ လမ်းများ ဖောက်လုပ်ပြီးစီးပါက ခရီးသွားလုပ်ငန်းတစ်ခု ဖြစ်ပေါ်လာနိုင်သဖြင့် ခေါင်လန်ဖူးမြို့နယ်သည်လည်း အဖက်ဖက်မှဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
ဒေသခံပြည်သူများအကြား ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာများ၊ ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အသိပညာဗဟုသုတများဖြန့်ဝေရန်လိုအပ်
ပူတာအိုဒေသ ခရီးသွားလုပ်ငန်းဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်းစဉ်တွင် ခရီးသွားလုပ်ငန်း၌ ပါဝင် ပတ်သက်နေသူများ ကိုယ်တိုင်ပါဝင် လုပ်ဆောင်နေသူများ၊ ခရီးသွားများ၏ ဘေးကင်းလုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ရေးနှင့် စိတ်ကျေနပ်မှုရရှိစေခြင်း စသည်တို့ ပါဝင်ရပါမည်။ လည်ပတ်သောခရီးစဉ် ဘေးကင်းလုံခြုံစေရေးအတွက် လည်ပတ်ရန် နိုင်ငံခြားသားများအား ကန့်သတ်ထားသော နေရာများကို သတင်းမီဒီယာများမှတစ်ဆင့် သိသာထင်ရှားအောင် ဆောင်ရွက်ရန် လိုအပ်ပါသည်။ ကန့်သတ်နယ်မြေနှင့် ဝေးလံခေါင်ပါးသော (ဉပမာ-ရေခဲတောင်ခရီးစဉ်) နေရာများသို့ လည်ပတ်သည့် ခရီးစဉ်အတွင်း မတော်တဆမှု တစ်စုံတစ်ရာနှင့် ကျန်းမာရေးတစ်စုံတစ်ရာ ချို့ယွင်းမှုများ ရှိပါက အမြန်ဆုံးဆက်သွယ်ဆောင်ရွက်ရမည့် ဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တို့ကို ထားရှိဆောင်ရွက်ရမည် ဖြစ်ပြီး ဒေသခံပြည်သူများအကြား ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာများ၊ ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အသိပညာဗဟုသုတများကို လိုအပ်သလို ဖြန့်ဝေဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
ပူတာအိုခရိုင်အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံအဆောက်အဦ လိုအပ်မှုသည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ပူတာအိုခရိုင်သို့ လေကြောင်းလမ်းနှင့် မော်တော်ယာဉ်လမ်းကြောင်းတို့မှ ဝင်ရောက်လျက်ရှိသည်။ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို မော်တော်ကားလမ်းမှာ ကောင်းမွန်လာပြီ ဖြစ်သဖြင့် မော်တော်ယာဉ်ဖြင့် ဝင်ရောက်မှု များလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထိုကဲ့သို့ ဝင်ရောက်လာသော ခရီးသွားပြည်သူများ တည်းခိုနေထိုင် စားသောက်မှုများ အဆင်ပြေချောမွေ့မှသာလျှင် ယခုထက်ပိုမိုတိုးတက်လာမည် ဖြစ်ပါသည်။ ပူတာအိုခရိုင်အတွင်း ပူတာအို မြို့နယ်တွင် ဟိုတယ်(၄)ခုနှင့် တည်းခိုခန်း(၈)ခု ဖွင့်လှစ်ထားရှိ၍ ခန့်မှန်းလူ ဦးရေ(၂၀၀)ခန့် တည်းခိုနိုင်ပြီး ဆွမ်ပရာဘွမ်မြို့နယ်တွင် တည်းခိုခန်း(၂)ခု ဖွင့်လှစ်ထားရှိ၍ ခန့်မှန်းလူဦးရေ(၂၀)ခန့် တည်းခိုနိုင်ရာ အခြားမြို့နယ်များတွင် တည်းခိုခန်းများ ဖွင့်လှစ်ထားရှိမှုမရှိပါ။ ထို့ကြောင့် ပူတာအိုဒေသတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦများ ပိုမိုဆောင်ရွက်ပေးနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
ဖုန်ကန်(ပူတာအို)