မိုးနဲမြို့နယ်၌ ငရုတ်သီးပင်စိုက်ပျိုးပြီး ငရုတ်သီးစိမ်း ခူးဆွတ်ရောင်းချနေရသဖြင့် မိသားစု အပိုဝင်ငွေရရှိ

မိုးနဲ မတ် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဆည်မြောင်းကျေးရွာနေ တောင်သူ ဒေါ်ပါခန်း၏ ယာခင်း၌ တစ်နိုင်တစ်ပိုင် ငရုတ်စိုက်ခင်းများစိုက်ပျိုးထားရှိပြီး ယခုအခါတွင် ငရုတ်သီးစိမ်းများ ခူးဆွတ်ရောင်းချနေရသဖြင့် မိသားစုအပိုဝင်ငွေရရှိနေကြောင်း သိရသည်။

ငရုတ်ပင်များစိုက်ပျိုးရာတွင် ဘောင်စနစ်ဖြင့်စိုက်ပျိုးပြီး စိမ့်ရေတွင်းမှရေများကို မြောင်းသွယ်ပေးထားသဖြင့် ရေအဆက်မပြတ် ရရှိကာ အောင်မြင်ဖြစ်ထွန်းကြောင်း၊ ပိုးသတ်ဆေးနှင့် ပုလဲမြေဩဇာ ပတ်ဖြန်းပေးထားသဖြင့် အသီးသီးအားကောင်း၍ ခူးဆွတ်ရောင်းချ‌နေရ ကြောင်း၊ မြို့မဈေးကြီးတွင် ကိုယ်တိုင်ခူးဆွတ်၍ တစ်ဘူးလျှင် ကျပ် (၆၀၀) ရောင်းချရ ကြောင်း၊ ၂ ပတ်လျှင် တစ်ကြိမ်နူန်းခူးဆွတ် ရောင်းချကြောင်း၊ ယာခင်းအတွင်း လာရောက်ဝယ်ယူသူများလည်းရှိကြောင်း၊ ကြက်သွန်ဖြူ၊ ခရမ်းညို၊ သခွား၊ ဖယုံ၊ ခရမ်းချဉ်၊ ဆလတ်၊ ဂေါ်ဖီထုတ်နှင့် မုန်လာဥပင်များကိုလည်း စိုက်ပျိုးထားသေးကြောင်း၊ ပျိုးပင်များကိုလည်း ကိုယ်တိုင်ပျိုးထောင်စိုက်ပျိုးခြင်းဖြစ်ကြောင်းနှင့် ယခုလို တစ်ပိုင်တစ်နိုင်သီးနှံများ စိုက်ပျိုး ခြင်းဖြင့် မိသားစု မီးဖိုဆောင်အသုံးစရိတ်လျော့ချနိုင်သည့်အပြင် အပိုဝင်ငွေပါ ရရှိကြောင်း ဒေါ်ပါခန်းထံမှ သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)