ချောင်းဆုံမြို့နယ်တွင် သဘာဝဘေးဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အဝန်းဖြစ်ပေါ်စေရေး ပြုပြင်ရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ချောင်းဆုံ မတ် ၁၄

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် သဘာဝဘေးကျရောက်လျှင် ကြံခိုင်မှုမရှိသော နေအိမ်များအား မိုးကြိုကာလ လေဘေးကြိုတင် ကာကွယ်ရေးအား ဖြည့်ပြင်ဆင်ခြင်း လုပ်ငန်းများကို ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှဦးဆောင်မှုဖြင့် မတ်လ ၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဝန်ထမ်းများမှ နေအိမ်ပြုပြင်ရေးလုပ်ငန်းများနဲ့ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ဘေးသင့်နိုင်သည့် ပင်လယ်ကမ်းစပ် ကျေးရွာများဖြစ်သည့် ဆယ်ပလာ၊ ဇီးကုန်း၊ ကလော့ကျေးရွာနှင့် ချောင်းဆုံအနောက်ရပ်ကွက်တို့ရှိ ဆင်းရဲနွမ်းပါးပြီး ကြံ့ခိုင်မှုမရှိသော နေအိမ်များကို မြို့နယ်(ဘေး/စီမံ) အဖွဲ့မှဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)