ကျောက်ဖြူ မတ် ၁၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အစိုးရပ်ကွက်၊ ဗာရာဏသီဟော်တယ်ရှိ အစည်းအဝေးခန်းမ၌ Nay Pyi Taw UNEC MM ကုမ္ပဏီလီမိတက်နှင့် Earth Vocational Training Center တို့ ပူးပေါင်း၍ အခမဲ့ဖွင့်လှစ်သည့် "ဝါးလက်မှုအခြေခံသင်တန်း" သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါဟော်တယ်၌ ပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲကို Black Teak Group ကျွန်းနက်လုပ်ငန်း UNEC MM Education Company MD၊ Earth Vocational Training Center တာဝန်ခံ ကိုနိုင်ထက်လင်းက သင်းတန်းဆင်း အမှာစကားပြောကြားရာတွင် “ အနယ်နယ်အရပ်ရပ်မှ လာရောက်ပြီး ဒီသင်တန်းကို တက်ရောက် လာကြတဲ့ သင်တန်းသား၊ သင်တန်းသူများအထဲတွင် ဆရာ၊ ဆရာမများလည်းပါဝင်တာကြောင့် သင်းတန်းမှရရှိလာသော အခြေခံဝါးလက်မှုပညာများကို မိမိတို့ရပ်ရွာ စာသင်ကျောင်းများမှာ ပြန်လည်ပြီး မျှဝေသင်ကြားပေးကြရန်၊ Nay Pyi UNEC MM Education Company မှ ဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံအတွင်း မြို့နယ်များရှိ သင်တန်းကျောင်းခွဲ (၃၅) ကျောင်းမှာလည်း ဝါးလက်မှုပညာကို စိတ်ပါဝင်စားသူအားလုံး တက်ရောက်သင်ကြားနိုင်အပြင် နိုင်ငံတော်အစိုးရနှင့်ပူးပေါင်းပြီး ဖွင့်လှစ် ထားသည့် အခြား စားသောက်ကုန် သင်တန်းများကိုလည်း တက်ရောက် သင်ကြားနိုင်ကြောင်း ” ပြောကြားခဲ့သည်။ ဆက်လက်၍ UNEC MM Education Company MD ကိုနိုင်ထက်လင်းနှင့် သင်တန်းနည်းပြဆရာများက သင်တန်းသား၊ သင်တန်းသူများအား အခြေခံလက်မှုပညာသင်တန်း သင်တန်းဆင်း လက်မှတ်များ အသီးသီးပေးအပ်ခဲ့သည်။
အဆိုပါ ဝါးလက်မှုအခြေခံပညာသင်တန်းတွင် ဝါးဖြတ်တောက်ခြင်း၊ ဝါးနှီးဖြာခြင်း၊ ဝါးဖြင့် ဘောပင်ခွက်ပြုလုပ်ခြင်း၊ ဝါးမီးအိမ်ပြုလုပ်ခြင်း၊ ဓာတ်ပုံဘောင်ပြုလုပ်ခြင်း၊ ဝါး Tissue Box များပြုလုပ် ခြင်း၊ ပစ္စည်းများ QC စစ်ဆေးခြင်း၊ ပစ္စည်းများဆေးသုတ်ခြင်းစသည့်ဘာသာရပ်များကို သင်တန်းနည်းပြ ဆရာ၊ ဆရာမ ၄ ဦးတို့က သင်ကြားပို့ချခဲ့ရာ ကျောက်ဖြူမြို့နယ်အတွင်းမှ လူငယ်များ၊ တက္ကသိုလ်ဆရာ၊ ဆရာမများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများစသည့် သင်တန်းသား၊သင်တန်းသူ(၂၅)ဦးတို့ တက်ရောက်သင်ယူခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)