ဩမိုင်းယု မတ် ၁၄
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် နွေရာသီသို့ ကူးပြောင်းလာပြီဖြစ်၍ ပြည်သူတို့၏ အသက်အိုးအိမ်နှင့် ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရန်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးက နွေရာသီသို့ ရောက်လာပြီဖြစ်၍ ပြည်သူများအနေဖြင့် တောင်ယာများ၊ တောများ ခုတ်ထွင်းရှင်းလင်းကာ မီးရှို့ခြင်းကြောင့် ဖြစ်ပေါ်လာမည့် တောမီးများ ကူးစက်လောင်ကျွမ်းအခြေအနေများ မဖြစ်ပေါ်စေရေး၊ မြို့ပေါ်၊ ရပ်ကွက်နှင့်ကျေးရွာများအတွင်း အမှိုက်များစနစ်တကျ စွန့်ပစ် ကြစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အခြေအနေများကို ရှင်းလင်းဟောပြောသည်။
ထို့နောက် နယ်မြေခံစခန်းမှူး ရဲအုပ် နိုင်နိုင်ဝင်းက ပြည်သူတို့အနေဖြင့် တောမီး၊ လျှပ်စစ်မီးနှင့် မီးဖိုမီးများ ပေါ့ဆစွာဖြင့် မီးလောင်ကျွမ်းခဲ့လျှင် သက်ဆိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲခြင်း၏ ပြစ်မှုပြစ်ဒဏ်များ၊ မှုခင်း လျော့ပေါ့ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ပေါ့ဆလျှင်ရရှိမည့် ပြစ်ဒဏ်များအကြောင်း တို့ကို ဟောပြောခဲ့သည်။
ယင်းနောက် လက်ထောက်မီးသတ်ဦးစီးမှူး ဦးစိုင်းအွန်ခမ်းက မီးလောင်နိုင်သည့် နည်းလမ်းများ၊ ပြည်သူပိုင်ပစ္စည်းများ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုမရှိရေး မီးကို သတိနှင့်အသိဖြင့် သုံးစွဲကြရန်၊ မတော်တဆ ဆီမီးလောင်ကျွမ်းခြင်းနှင့် ဂတ်(စ်)မီးဖိုမှ မီးလောင်ကျွမ်းမှုဖြစ်ပေါ်က မီးသတ်ဆေးဗူး(သို့) ရေစိုအဝတ်စဖြင့် မီးလောင်မှုကို မီးငြှိမ်းသတ်စေရေး စသည့်တို့ကို ရှင်းလင်းဟောပြောရာ တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရွာသူကြီးများ၊ ရပ်မိရပ်ဖများက သိရှိလိုသည် များကို ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်