မိုးနဲ အောက်တိုဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် နိုင်ရေး အတွက် မြို့နယ်အတွင်းရှိဘုန်းတော်ကြီးကျောင်း အသီးသီးသို့ ရွှေပိုး (Group) နှင့်မိုးနဲမြို့ နယ်သူ၊ မြို့နယ်သား အလှူရှင်များ စုပေါင်း၍ ဘုန်းတော်ကြီးကျောင်းအရောက် နှာခေါင်းစည်း (Mask) နှင့်မျက်နှာကာ (Face Shield) များကို ယနေ့မနက်ပိုင်းမှစတင်ကာ သွားရောက်လှူဒါန်းပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့သွားရောက်လှူဒါန်းရာတွင် မြို့နယ်သာသနာရေးရေးဦးစီးဌာနမှူး ဦးပြည့်ဖြိုးကျော် ၊ရွှေပိုး (Group)မှ ဦးစိုင်းပင်ဖ နှင့်အလှူရှင်များက မြို့ပေါ်ဘုန်းတော် ကြီးကျောင်း ၁၁ ကျောင်းရှိ ကျောင်းထိုင် ဆရာတော်များ၊ သံဃာတော်များ နှင့်ကိုယ်ရင် ၄၉၀ ပါးအတွက် တစ်ပါးလျှင်နှာခေါင်းစည်း (Mask) ၅ ခု နှုန်းနှင့် နှာခေါင်းစည်း (Mask)၂၄၇၀ ခု ၊မျက်နှာကာ ( Face Shield) တစ်ပါးလျှင် နှစ်ခုနှုန်းနှင့် ၉၈၀ ခုတို့ကို သွားရောက်လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။
မိုးနဲမြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်း ၄၅ ကျောင်းရှိပြီး ကျန်ရှိသောရပ်ကွက်ဘုန်းတော်ကြီး ကျောင်း နှင့် ကျေးရွာအုပ်စုများရှိ ဘုန်းတော်ကြီးကျောင်းများကိုလည်း အလားတူဆက်လက်လှူဒါန်း ပေးသွား မည်ဖြစ် ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)