ညောင်ဦး မတ် ၁၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုလျက်ရှိကြသော စာစစ်ဌာနများသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ ယနေ့ နံနက် ၁၀နာရီအချိန်က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံ အဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် အခြေခံပညာ အထက်တန်းကျောင်း(ညောင်ဦး)၊ အခြေခံပညာအထက်တန်းကျောင်း(ပုဂံ)၊ အခြေခံပညာအထက်တန်းကျောင်း (တောင်ဇင်း)၊ အခြေခံပညာအထက်တန်းကျောင်း (ငါ့သရောက်) စာစစ်ဌာနတို့တွင် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး သက်ဆိုင် ရာစာစစ်ဌာနများတွင် တာဝန်ထမ်းဆောင်နေသည့် ကြီးကြပ်ရေးမှူးများ၊ အပြင်စည်းအတွင်းစည်း တာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့များ၊ မီးဘေးလုံခြုံရေး ဆောင်ရွက်နေသော ဝန်ထမ်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန (၄)ခု ဖွင့်လှစ်ဖြေဆိုနေရာ ဓာတုဗေဒဘာသာရပ် စာမေးပွဲဖြေဆိုသူ ကျောင်းသား(၁၉၀)ဦး၊ ကျောင်းသူ (၃၃၀)ဦး၊ စုစုပေါင်း(၅၂၀)ဦးဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဒီပါလင်း