နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံ (တိုင်းအဆင့်)သင်တန်း (၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားတက်ရောက် အမှာစကားပြောကြား

ဇမ္ဗူသီရိ မတ် ၁၄

နေပြည်တော်ကောင်စီနယ်မြေအတွင်း ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိသော ကြက်ခြေနီ၊ ပရဟိတအဖွဲ့များအနေဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေလျော့ချရေးကို ပိုမိုနားလည်လာစေပြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းတိုင်းအဆင့် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၁) နာရီတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေ တိုင်း/ခရိုင် အဆင့်ဌာန အသီးသီးမှတာဝန်ရှိသူများ၊ ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၊ ပရဟိတအဖွဲ့များနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် နေပြည်တော်ကောင်စီသဘာဝဘေး အန္တရာယ်ဆိုင်ရာလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် သဘာဝဘေးအန္တရာယ်များကြောင့် နှစ်စဉ်ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ဘေးအန္တရာယ်များကို ရင်ဆိုင် ဖြေရှင်းရာတွင် ဘေးမဖြစ်မီ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ ဘေးဖြစ်ပွားစဉ် အရေးပေါ်တုံ့ပြန်ခြင်းနှင့် ရှာဖွေကယ်ဆယ်ခြင်း၊ ‌ဘေးဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ခြင်းစတဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများတွင် တိုင်း/ခရိုင်/မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှု အဖွဲ့များအပြင် ကြက်ခြေနီ၊ လူမှုရေးအသင်း အဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်များကို ရင်ဆိုင်ရာတွင် အသိပညာ၊ အတတ်ပညာ၊ အတွေ့အကြုံကောင်း များနှင့် မိမိတို့ဒေသမှာရှိတဲ့ ရရှိနိုင်တဲ့ အရင်းအမြစ်တွေနဲ့ စုပေါင်းပြီး အတတ်နိုင်ဆုံးရင်ဆိုင်ကျော်လွှား ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၊ မြန်မာနိုင်ငံကြက်ခြေနီနှင့် ပရဟိတအဖွဲ့အစည်းများအနေဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသဘောတရားများကို နားလည်သဘောပေါက်မှသာ သဘာဝဘေးလျော့ပါးရေး၊ ရင်ဆိုင်တုံ့ပြန်ရေးလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးစဝီလီဖရန့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို မတ်လ (၁၃) ရက်နေ့မှ (၁၇) ရက်နေ့အထိ (၅) ရက်ကြာဖွင့်လှစ်မည်ဖြစ်ပြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဝေါဟာရများ၊ စီမံခန့်ခွဲမှုအယူအဆနှင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု၊ ရာသီဉတုပြောင်းလဲခြင်းနှင့် ယင်း၏ အကျိုးသက်ရောက်မှုများ၊ ထိခိုက်ခံရလွယ်မှု၊ ထိတွေ့နိုင်ခြေနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများနှင့် ဖွဲ့စည်းဆောင်ရွက်မှု၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် သင်ခန်းစာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ သင်ခန်းစာများ၊ အရေးပေါ်ကာလတွင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်ချက်များ၊ ရှေးဦးသူနာပြုစုနည်းများ၊ လူမှုကာကွယ်စောင့်ရှောက်မှုနည်းလမ်းများကို အဖွဲ့လိုက်ဆွေးနွေးခြင်း များဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)