တောင်သာ မတ် ၁၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက Covid-19 ကပ်ရောဂါကာလ စီးပွားကုစားမှု အစီအစဉ်အရ လုပ်ကွက်ငယ်တောင်သူများ၏ စီးပွားရေး ပြန်လည်စတင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သော ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP- Village Revolving Fund Project) လည်ပတ်ရန်ငွေများကို မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ၊ မာလာကျေးရွာ၌ တတိယအကြိမ် ပြန်လည်ထုတ်ချေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက အမှာစကားပြောကြားရာတွင် ချေးငွေဖြင့် မိသားစုဝင်ငွေ တိုးလုပ်ငန်းများကို အမှန်တကယ် ဆောင်ရွက်ဖို့လိုကြောင်း၊ ဆင်းရဲမှုလျော့ချရေးလုပ်ငန်းစဉ်ဖြစ်သောကြောင့် အမှန်တကယ် အလုပ်လုပ်ခြင်းဖြင့် ဦးစွာအကြွေးဝန်ထုတ်ဝန်ပိုး လျော့ချရမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာဝန်များကျေပွန်ဖို့ လိုအပ်ပါကြောင်း ပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေကိုလည်း အခန်းအလိုက် ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့်အတူ မြို့နယ်စီမံကိန်းတာဝန်ခံ ဒေါ်စန်းစန်းမြင့်နှင့် ဝန်ထမ်းများက ကျေးရွာကော်မတီက တောင်သူ ၁၅၉ ဦးထံလည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးနေမှုအား ကြီးကြပ် ဆောင်ရွက်ခဲ့ရာ စိုက်ပျိုးရေးတောင်သူ ၃၄ ဦးကို ချေးငွေ ၁၀၂ သိန်း မွေးမြူရေးလုပ်ငန်းလုပ်ငန်း လုပ်ကိုင်သူ ၇၃ ဦးထံချေးငွေ ၁၄၆ သ်န်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၅၂ ဦးကို ၅၂ သိန်း စုစုပေါင်း VRFP စီမံကိန်းလည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၃၀၀ အား တတိယအကြိမ်ဖြင့် ပြန်လည်ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)