ပြင်ဦးလွင် မတ် ၁၃
နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အတတ် ပညာတစ်ခုခုကို ရရှိစေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသား လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဉီးစွာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဖြစ်သည့် ဆရာ ဦးမြင့်သန်းဦးက အခြေခံပန်းချီပညာရပ်များအား သင်ကြားပေးခဲ့ကြောင်း သိရသည်။ သင်တန်းဖွင့်ပွဲအခမ်း အနားသို့ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာများ၊ ပြင်ဦးလွင်မြို့နယ် စာရေးဆရာအသင်းမှ ဥက္ကဋ္ဌ ဆရာ သက်နိုင် (ပြင်ဦးလွင်)နှင့် စာရေးဆရာ အသင်းဝင်များ၊ ရွှေလှေကား စာပေ၊ ဂီတ၊ အထွေထွေ ဗဟုသုတ ပြန့်ပွားရေးကွန်ရက်မှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးအရာအဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြင့်မိုရ်စီးပွားရေးလုပ်ငန်းစုမှ ဦးစည်သူနိုင်နှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ ကျောင်းသား မိဘများနှင့် သင်တန်းသားများ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။
ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် နွေရာသီအခြေခံပန်းချီရေးဆွဲနည်း သင်တန်းတွင် သင်တန်းသား/သူ ၃၅ ဦးက ပါဝင်သင်ကြား လျက်ရှိပြီး သင်တန်းအား မတ်လ ၁၃ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့ နံနက် ၁၀ နာရီခွဲမှ ၁၂ နာရီအတွင်း အခမဲ့သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်းနှင့် သင်ထောက်ကူပစ္စည်းများ အား ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။
ဖြူလူသစ် (ပြန်/ဆက်)