ကော်ဖီအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် (Bakery) အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ် (၆ /၂၀၂၃)ဖွင့်လှစ်

ပြင်ဦးလွင် မတ် ၁၄

ပြင်ဦးလွင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံကော်ဖီအသင်း(ပြင်ဦးလွင်-နောင်ချို) အစုအဖွဲ့တို့ပူးပေါင်း၍ ဖွင့်လှစ်သည့် ကော်ဖီအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်(Bakery) အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ် (၆/၂၀၂၃) ဖွင့်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြင်ဦးလွင်မြို၊ ရပ်ကွက်ကြီး (၉)ရှိ ကော်ဖီဥယျာဉ်၌ ကျင်းပပြုလုပ်ရာ  တာဝန်ရှိသူများ၊   သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ  တက်ရောက်ကြသည် ။    

ရှေးဦးစွာ  မန္တလေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊  ဒုတိယညွှန်ကြားရေးမှူး  ဦးနေမျိုးအောင်မှ  အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်မြို၊ မြန်မာနိုင်ငံကော်ဖီအသင်း (ပြင်ဦးလွင်-နောင်ချို) အစုအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမြင့်မှ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် သင်တန်းဆိုင်ရာ သိကောင်းစရာများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ၍    သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ  အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။  

ဆက်လက်ပြီး  ကော်ဖီအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်(Bakery) အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်း   (၁၃-၃-၂၀၂၃)နေ့မှ (၁၉ -၃-၂၀၂၃) ရက်နေ့အထိ  သင်တန်းကာလ (၇) ရက်ဖြင့်  နံနက်  ၉ နာရီမှ   ညနေ  ၁၆  နာရီအထိ   သင်တန်းနည်းပြဆရာများ မှ  လျှာပေါ်ဝဲကွတ်ကီးပြုလုပ်ခြင်း၊ နှမ်းကွတ်ကီးပြုလုပ်ခြင်း၊ ထောပတ်ပလိန်း ကိတ်ပြုလုပ်ခြင်း၊ ကော်ဖီကိတ်ပြုလုပ်ခြင်း၊  ဗနီလာကတ်/ ပဲကိတ်ပြုလုပ်ခြင်း၊ ဘရောင်နီမု(စ်) ကိတ်ပြုလုပ်ခြင်း၊ ပူတင်းပေါင်မုန့်၊ ပဲပေါင်မုန့်ပြုလုပ်ခြင်း၊ ဟော့ဒေါ့ပေါင်မုန့်ပြုလုပ်ခြင်း၊ ဆန်းဒွန့်(စ်)ပေါင်မုန့်/ ဟမ်ဘာဂါပြုလုပ်ခြင်း၊ ကော်ဖီကိတ်ခြောက်ပြုလုပ်ခြင်း၊ ငှက်ပျောကိတ်၊ ဂျပန်ချိ(စ်)ကိတ်ပြုလုပ်ခြင်းနှင့် ကော်ဖီကွက်ကီးပြုလုပ်နည်း  စသည့်တို့ကို  စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချလျက်ရှိရာ  မြန်မာနိုင်ငံကော်ဖီအသင်း (ပြင်ဦးလွင်-နောင်ချို) အစုအဖွဲ့မှ သင်တန်းသား (၂၀) ဦး  တက်ရောက်သင်ကြားလျက်ရှိပါကြောင်း  တာဝန်ရှိသူတစ်ဦး၏  ပြောကြားချက်အရသိရသည် ။

ခရိုင်(ပြန်/ဆက်)