နမ္မတူ မတ် ၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ် ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာကြံ့ခိုင်ပြီး အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် စုပေါင်းဆောင် ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် အားကစားကဏ္ဍဖွံ့ဖြိုးပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ယမန်နေ့မှစတင်ကာ နွေရာသီအခြေခံအားကစားနည်း (၄)မျိုး အခမဲ့သင်ကြားပေးလျက်ရှိသည်။
အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းအား မတ်လ (၁၃)ရက်နေ့မှ မတ်လ (၂၇)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး နေ့စဉ် စားပွဲတင်တင်းနစ်အားကစားနည်းကို နံနက် (၉)နာရီမှ (၁၁)နာရီအချိန်ထိလည်းကောင်း၊ ကြက်တောင်အားကစားနည်းကို မွန်းလွဲ (၁)နာရီခွဲမှ (၃)နာရီအထိလည်းကောင်း၊ ဘော်လုံးအားကစားနည်းကို ညနေ (၃) နာရီမှ (၅)နာရီအထိ လည်းကောင်း၊ ပိုက်ကျော်ခြင်းအားကစားနည်းကို ညနေ (၃)နာရီမှ (၄)နာရီအထိလည်းကောင်း သက်ဆိုင်ရာ နည်းပြဆရာများဖြင့် စနစ်တကျ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
နမ္မတူမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းများသို့ အသက် (၉)နှစ်မှ (၂၄)နှစ်အတွင်း သင်တန်းသား၊ သင်တန်းသူ (၇၀)ဦးခန့် တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းသားတစ်ဦးလျှင် နွေရာသီသင်တန်းဝတ်စုံ တစ်စုံနှုန်းနှင့် သင်တန်းဆင်းဂုဏ်ပြုလက်မှတ် များ ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဒေါ်ရွှေမာထံက သိရသည်။
လူမော် (ပြန်/ဆက်)