မြစ်ကြီးနား မတ် ၁၄
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလက်မှုကုန်ထုတ်လုပ်မှုများ တိုးမြှင့်လာစေရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင်များ၊ ချေးငွေကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများနှင့် ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ မလိခခန်းမ၌ ရှင်းလင်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထိုသို့ ရှင်းလင်းဆွေးနွေးရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ ချေးငွေစိစစ်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးက ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် ချေးငွေများအပေါ် စိစစ်တွေ့ရှိချက်များ၊ ချေးငွေနှင့် ပတ်သက်သည့် လိုအပ်ချက်များ၊ ချေးငွေဆိုင်ရာအကြံပြုချက်များကို လည်းကောင်း၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လွင်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ၊ အမိန့်ညွှန်ကြားချက်များနှင့် အစီရင်ခံတင်ပြရမည့် လုပ်ထုံးလုပ်နည်းများကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ချေးငွေကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များက ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းစီမံကိန်းများအတွက် စီမံကိန်းလက်စွဲစာအုပ်နှင့် SOP ပါအတိုင်း ချေးငွေများ လွှဲပြောင်းမတည်ဆောင်ရွက်ခဲ့မှုများ၊ ချေးငွေဖြင့် ရင်းနှီးမတည်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများကို သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ပါဝါပွိုင့်ဖြင့် အသီးသီးရှင်းလင်းတင်ပြ ခဲ့ကြရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေတို့နှင့် ချေးငွေစိစစ်ရေးအဖွဲ့နှင့် ကြီးကြပ်ရေးအဖွဲ့ဝင်များက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ၊ ချေးငွေဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေး ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်