နမ့်ခမ်းမြို့နယ်ရုံး၊ Community Centre ခန်းမတွင် စာဖတ်ဝိုင်းဆောင်ရွက်

နမ့်ခမ်း မတ် ၁၄

မြန်မာနိုင်ငံမှ ကိုဗစ်-၁၉ ပိုးတွေ့လူနာများ၏ ကိုယ်တွေ့ဖြစ်ရပ်များအကြောင်းကို စာပေ ချစ်သူများနှင့် Book Club  အဖွဲ့ဝင်များ သိရှိပြီး ကိုယ်တိုင် ကြုံတွေ့ရပါက  လိုက်နာဆောင်ရွက်ရမည့် ချက်များကို သိရှိနိုင်စေရန် ရည်ရွယ်ပြီး စာရေးဆရာ မင်းလွင်ရေးသားသော “စိုးထိတ် နေ့စွဲများ” စာအုပ်ကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်ရုံး Community Centre ခန်းမအတွင်း၌ စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ့်ခမ်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး Book Club  အသင်းဝင်များဖြစ်သော မအေးဆုမွန်က “ကောလာဟလများကြား ဗျာများရသည့် ပိုးတွေ့လူနာ တစ်ဦး၏ မိသားစု” အကြောင်းကိုလည်းကောင်း၊ မသီရိဆုက “အန္တရာယ်နေ့ရက်များကို ရဲရင့်စွာဖြတ်သန်းခြင်း” အကြောင်းကိုလည်းကောင်း အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ဒေါ်စန္ဒာဝင်းက မိမိတို့ မိသားစုအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်လာပါက ရှောင်ရန်၊ ဆောင်ရန်များနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ အသိပညာပေးလမ်းညွှန်ချက်များကို လိုက် နာဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့် လူနာ၊ ကျန်ရစ်သည့် မိသားစုများတွေ့ကြုံခံစားရသည့် အကြောင်းအရာများကို စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးပေးခဲ့သဖြင့် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာပေချစ်သူများ၊ Book Club အသင်းဝင်များအနေဖြင့် ရောဂါကူးစက်ခံရပါက လိုက်နာဆောင်ရွက်ရမည့် အချက်များကို သိရှိနားလည်လိုက်ပါ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

နမ့်ခမ်း(ပြန်/ဆက်)