ကျေးသီး မတ် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသတွင် မတ်(၁၂)ရက်နံနက်(၈)နာရီခွဲ က ၆၆/၁၁ကေဗွီ (၅)အမ်ဗွအေ ပါခီးဓာတ်အားခွဲရုံဖွင့်လှစ်ကြောင်း သိရသည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဝမ်ဟိုင်းဒေသရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများကို နိုင်ငံတော်ဓာတ်အားစနစ်ကနေ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် ၆၆ ကေဗွီ ဓာတ်အားလိုင်း နှင့်၆၆/၁၁ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံကြီးကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေနှင့် ၁၁ကေဗွီ ဓာတ်အားလိုင်း၄၀၀ဗို့ ဓာတ်အားလိုင်းနှင့် ဖြန့်ဖြူးရေး ထရန်စဖော်မာများ တည်ဆောက်ပေးထားပြီးဖြစ်၍ လာမည့်ဘဏ္ဍာရေးနှစ်တွင် ကျန်ရှိနေသေးသည့် ကျေးရွာများအထိ ချိတ်ဆက်ဓာတ်အားဖြန့်ဖြူးပေးနိုင်အောင် စီမံကိန်းများဆက်လက်ရေးဆွဲပြီး အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ယခုလို တည်ငြိမ်အေးချမ်းမှုရှိအောင်အဖက်ဖက်က ဝိုင်းဝန်းကူညီပေးကြသည့် တိုင်းရင်းသား ခေါင်းဆောင်များနှင့်အတူ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ၆၆/၁၁ကေဗွီ (၅)အမ်ဗွီအေ ပါခီးဓာတ်အားခွဲရုံ တည်ဆောက်ခဲ့မှုနှင့် ပတ်သက်၍ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာ ဒုတိယအင်ဂျင်နီယာချုပ် ဦးထွန်းဝဏ္ဏမှ ရှင်းလင်းတင်ပြပြီး ဝမ်ဟိုင်းဒေသခံတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ပါခီးဓာတ်အားခွဲရုံ ဖွင့်ပွဲအထိမ်းအမှတ်အလံများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဝမ်ဟိုင်းဒေသတာဝန်ရှိသူသူတစ်ဦးအား ပေးအပ်ပြီး ဝမ်ဟိုင်း ဒေသတာဝန်ခံမှ ပြည်နယ်ဝန်ကြီးချုပ်နှင့်အရှေ့ အလယ်ပိုင်းတိုင်း တိုင်းမှူးအား အမှတ်တရပစ္စည်း ပြန်လည်ပေးအပ်ခဲ့သည်။
၎င်းနောက် ၆၆/၁၁ကေဗွီ (၅)အမ်ဗွီအေ ပါခီးဓာတ်အားခွဲရုံအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ပြည်နယ်သယံဇာတ ရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း၊ ဝမ်ဟိုင်းဒေသမှတာဝန်ရှိသူများနှင့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ၊ ဒုတိယ အင်ဂျင်နီယာချုပ် ဦးထွန်းဝဏ္ဏတို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဒုတိယအင်ဂျင်နီယာချုပ်ဦးထွန်းဝဏ္ဏမှ ပါခီးဓာတ်အားခွဲရုံ Control ခန်းနှင့်ပတ်သတ်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးက ၆၆/၁၁ကေဗွီ (၅)အမ်ဗွီအေ ပါခီးဓာတ်အားရုံအား စက်ခလုပ်နှိပ်၍ ဓာတ်အားလက်ခံရယူပြီး အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် မျိုးမင်းထွန်းက (၁၁)ကေဗွီ ပါခီး ဖီဒါအား စက်ခလုပ်နှိပ်၍ ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးခဲ့ကြကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)