မန့်ဟီးရိုး မတ်လ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရှိ ဒေသခံပြည်သူများအား နွေဦးပွင့်လင်း ရာသီတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြပွဲများကို ယမန်နေ့ နေ့လည် ၂ နာရီအချိန်တွင် ပြသဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲနည်းများဖြစ်သော ညပိုင်းအိပ်စက်နေချိန်တွင် မလိုအပ်သော လျှပ်စစ်မီးသုံးစွဲမှုများကို ပိတ်ထားသင့်ကြောင်း၊ မိမိတို့ တစ်အိမ်လုံး မည်သူမျှမရှိသည့်အချိန်၊ အပြင်သွားသည့်အချိန်တွင် အိမ်တွင်းလျှပ်စစ်မီးများအားလုံးကို မီးခလုတ်ပိတ်ခဲ့ရန် လိုအပ်ကြောင်း၊ လက်တလော အသုံးမပြုသည့် လျှပ်စစ်ပစ္စည်းများ၏ ပလပ်ခေါင်းများကို မမေ့မလျော့ ဖြုတ်ထားကြရန်၊ မိမိနေအိမ်များရှိ လျှပ်စစ်သုံး မြက်ပင်ရေဖြန်းစက်များနှင့် ရေမော်တာစက်များကို လိုအပ်သလောက်သာ သုံးစွဲကြရန်နှင့် မိမိတို့မြို့နယ်/ကျေးရွာများ၏ လျှပ်စစ်ဓာတ်အားသုံး လမ်းမီးတိုင်များကိုလည်း နေရောင်ခြည်သုံး LED မီးစနစ်များကို အတတ်နိုင်ဆုံး ပြောင်းလဲအသုံးပြကြရန် ဒေသခံပြည်သူများအား လျှပ်စစ်ပစ္စည်းများ လိုအပ်သည်ထက် ပိုမိုသုံးစွဲ၍ ဖြစ်ပေါ်တတ်သော လျှပ်စစ်ဝါယာရှော့မီးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပြီး မီတာခသက်သာရေးအတွက် လျှပ်စစ်ဓာတ်အားကို ချွေတာသုံးစွဲကြစေရန် ရုပ်ပြစာစောင်များဖြင့် နံရံကပ်ဘုတ်တွင် အသိပညာပေး ခင်းကျင်းပြသ ဆောင်ရွက်ထားပါသည်။ ထို့အတူ ဒေသခံပြည်သူ စာဖတ်ဝါသနာရှင်များနှင့် စာပေချစ်မြတ်နိုးသူများအား ဗဟုသုတပိုမိုတိုးတက်စေရေးနှင့် စာဖတ်ရှိန်မြင့်မားစေရန် စာအုပ်၊ စာစောင်၊ ဝတ္ထု၊ မဂ္ဂဇင်းနှင့် သုတရသစာပေများကို အခမဲ့ငှားရမ်းဖတ်ရှုနိုင်ရန်အတွက် ခင်းကျင်းပြသထားလျက်ရှိပြီး ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ကြသော စာဖတ်ဝါသနာရှင် စာငှားများနှင့် ဒေသခံပြည်သူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်ပိုင်(မန့်ဟီးရိုး)