ပုဇွန်တောင်မြို့နယ်၌ လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်းဖွင့်လှစ်

ပုဇွန်တောင် မတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ပန်းချီရေးဆွဲနည်းအတတ်ပညာများကို အခြေခံမှစပြီး သိရှိကာ စနစ်တကျရေးဆွဲတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပန်းချီ ရေးဆွဲနည်း(အခမဲ့)သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်သီတာမြင့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားရာတွင်  ကျောင်းသားလူငယ်များ တွေးခေါ်မှု စွမ်းရည်မြင့်မားရေးနှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုး ရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စိတ်ပါဝင်စားစွာ သင်ယူစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက်ဆရာမ လမင်းအိမ်(ဥပဒေ)က ပန်းချီရေးဆွဲခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံပန်းချီရေးဆွဲနည်းများ လက်တွေ့သင်ကြားပေးခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၄၆)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မတ်လ(၁၃)ရက်နေ့မှ မတ်လ(၁၇)ရက်နေ့အထိ (၅)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့်သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူများအား ပန်းချီရေးဆွဲရာတွင် ပိုမိုထိရောက်စေရေး သင်ထောက်ကူပစ္စည်းများနှင့် မုန့်များပေးဝေခဲ့ကြောင်း  သတင်းရရှိသည်။

ဟန်စုယဉ်