ကွတ်ခိုင် မတ် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေပြုအထောက်အကူပေးရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသော ဥပဒေဆိုင်ရာအကြောင်း အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်းက အသိပညာပေး (Talk Show) ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ဆွေးနွေးပြောကြားပြီး၊ မြို့နယ်ဥပဒေအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇက်ခွန်ဖုန်းက အဖွဲ့၏ ရည်ရွယ်ချက်များထဲမှ “ဥပဒေဆိုင်ရာအထောက်အကူပေးရာတွင် ဥပဒေအရာ၌ မျှတမှုနှင့် တန်းတူညီမျှမှု အခွင့်အရေးများ ရရှိစေရန်၊ ပြစ်မှုများတွင် ဥပဒေနှင့်အညီ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်တို့ကို ဆောင်ရွက်ရာ၌ ထိရောက်သည့် ဥပဒေဆိုင်ရာ အထောက်အကူရှိစေရန်၊ အမှုများကို မှန်မှန်နှင့်မြန်မြန် စီရင်ဆုံးဖြတ်နိုင်ရေးအတွက် အထောက်အကူပြုရန်” စသည့်အချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး၊ မြို့နယ်ဥပဒေ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်နန်းရွှေမှုံက ဥပဒေဆိုင်ရာ အထောက်အကူတောင်းခံခွင့်ရှိသူများဖြစ်သည့် ဆင်းရဲနွမ်းပါးသူ၊ ကလေးသူငယ်၊ အမျိုးသမီး၊ အထူးပြုစုစောင့်ရှောက်မှုလိုအပ်သူ၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူ၊ ရောဂါသည်များနှင့် ဥပဒေဆိုင်ရာ အထောက်အကူပေးနိုင်သည့်လုပ်ငန်းများဖြစ်သည့် တရားခံဘက်ရှေ့နေအဖြစ် ဆောင်ရွက်ပေးခြင်း၊ ဘာသာစကားအခက်အခဲရှိလျှင် ဘာသာစကားနားလည်သူမှတစ်ဆင့် ဆောင်ရွက်ပေးခြင်း၊ ဥပဒေဆိုင်ရာအသိပညာပေးခြင်း၊ ဥပဒေဆိုင်ရာအကြံပေးခြင်း၊ ဥပဒေဆိုင်ရာအကူအညီပေးခြင်း၊ ဥပဒေဆိုင်ရာ သတင်းအချက်အလက်ပေးခြင်း စသည့် အချက်အလက်များနှင့် အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးသွားကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ်ရုံးအနေဖြင့် Onlineမှတဆင့် ကဗျာရွက်ခြင်း၊ ပုံပြင်ပြောခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ (Talk Show)အသိပညာပေးဆွေးနွေးပွဲ စသည်များကို Online အစီအစဉ်ဖြင့် ပြည်သူများသို့ လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
ချစ်မျိုးဦး(ကွတ်ခိုင်)