ပုဇွန်တောင် မတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ သက်ငယ်မုဒိမ်းမှုနှင့် လူကုန်ကူးမှုလျော့နည်းပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်လွင်က လူကုန်ကူးမှုဆိုသည်မှာ လူတစ်ဉီးသည် အခြားလူတစ်ဉီးကို ပြည့်တန်ဆာလုပ်ခိုင်းခြင်း၊ အခြားကာမဆိုင်ရာကိစ္စတစ်မျိုးမျိုး ပြုလုပ်ခိုင်းခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း၊ အဓမ္မလက်ထပ်ထိမ်းမြားခြင်း၊ ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်းစသည့် အချက်(၁၂) ချက်ကိုလည်းကောင်း၊ မြို့နယ်ဒုတိယဥပဒေအရာရှိ ဒေါ်ခင်ဖြူဖြူသန့်မှ သက်ငယ်မုဒိမ်းပြုကျင့်နိုင်သည့် သတိပြုရန်အချက်(၈)ချက်၊ ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ရန် အချက်(၅)ချက်၊ သက်ငယ်မုဒိမ်းဖြစ်ပွားသည်ကို သံသယရှိ/သိရှိပါက/လက်ခံရရှိပါက/မျက်မြင်တွေ့ရှိပါက အမြန်ဆုံး တိုင်ကြားနိုင်သည့်အဖွဲ့အစည်းများနှင့် သက်ငယ်မုဒိမ်းပြုကျင့်ပါက ချမှတ်နိုင်သည့် ပြစ်မှုများ စသည့် အချက်များကိုလည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန်းလှထွန်းမှ တီဘီရောဂါ အကြောင်းကိုလည်းကောင်း အများပြည်သူများ အသိပညာဗဟုသုတရစေရန် ဟောပြောခဲ့ကြကြောင်း သိရသည်။
ထို့နောက်တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ အများပြည်သူများ အသိပညာဗဟုသုတတိုးပွားရရှိစေရန် ရည်ရွယ်၍ ခင်းကျင်းပြသထားသော အသိပညာပေးစာအုပ်စာစောင်နှင့်နံရံကပ်စာစောင်များ ပြသထားမှုအား ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်