မူဆယ် မတ် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် မြို့ပြလမ်းမအင်္ဂါရပ်နှင့် ညီစေရေး၊ ယာဉ် ကြောပိတ်ဆို့မှု လျော့နည်းရေးနှင့် ယာဉ်လမ်းကြောရှင်းလင်းပြီး ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆဖြစ်ပွားမှုများ လျော့နည်းစေရေးအတွက် မြို့တွင်း ပြည်ထောင်စုလမ်းမကြီး လမ်းကြောကျဉ်းသည့် တစ်ဖက်ခြမ်းကို ပျှမ်းမျှ(၃)ပေနှုန်း ချဲ့ထွင်ပြုပြင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်းချဲ့ထွင်ပြုပြင်ခြင်းကို စည်ပင်သာယာရေးဦးစီးဌာနမှ ကြီးမှူးကြပ်မတ် ဆောင်ရွက်ခဲ့ပြီး လမ်းကြောကျဉ်းသည့် တစ်ဖက်ခြမ်းရှိ လမ်းနယ်နိမိတ်မလွတ်သော အဆောက်အဦများ၊ ဈေးဆိုင်ခန်းများနှင့် ပျံကျဈေးဆိုင်လေးများကို စုပေါင်းကူညီ ရွှေ့ပြောင်းစေခဲ့ပြီး သတ်မှတ်နေရာတွင် ပြန်လည်ရောင်းချစေခဲ့သည်။ ထို့အတူ ပြည်ထောင်စုလမ်း ဝဲ/ယာ တစ်ဖက်တစ်ချက်စီရှိ ရေနုတ်မြောင်းများကို ရေစီးရေလာ ကောင်းမွန်ရေးနှင့် မြို့ပေါ်ရပ်ကွက်များမှ စွန့်ပစ်ပစ္စည်း/အမှိုက်များ ပိတ်ဆို့မှုမရှိစေရေးတို့အတွက် ပြန်လည်တူးဖော်ရှင်းလင်းခဲ့ကြပြီး ပျက်စီးယိုယွင်းနေပြီဖြစ်သော ရေနုတ်မြောင်းများကို အသစ်ပြန်လည် တူးဖော်ခဲ့ပြီးနောက် စည်ပင်သာယာရေးအမှိုက်ကားများဖြင့် စနစ်တကျ စွန့်ပစ်ဖယ်ရှားခဲ့ပါသည်။ ယင်းလမ်း ချဲ့ထွင်ပြုပြင်ရာတွင် ခေတ်မှီစက်ကိရိယာ၊ စက်ယန္တရားများဖြင့် ချဲ့ထွင်ဆောင်ရွက်ခဲ့ကြပြီး လူသွားလမ်း ပလပ်ဖောင်းများကိုလည်း စနစ်တကျ ပြန်လည်ပြုပြင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုအခါတွင် ပွင့်လင်းရာသီသို့ ရောက်ရှိနေပြီဖြစ်၍ မီးဘေးအန္တရာယ်အတွက် မီးသတ်ယာဉ်များ အချိန်မှီရောက်ရှိစေရန် ယာဉ်ကြောပိတ်ဆို့မှုများနှင့် ယာဉ်သွာလမ်း ကျဉ်းမြောင်းနေပြီး နှောင့်နှေးကြန့်ကြာနိုင်သောကြောင့် မူဆယ်မြို့၏ မြို့တွင်းပင်ပလမ်းမကြီးအား ချဲ့ထွင်ပြုပြင် ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။
ခရိုင်(ပြန်/ဆက်)