ရန်ကင်း မတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး အတူတကွ လက်တွဲ၍ ပူးပေါင်းဆောင်ရွက်ကြရန် ရည်ရွယ်၍ ယမန်နေ့နေ့လယ် ၁:၀၀ နာရီက ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က အဂတိလိုက်စားမှုနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ စုံစမ်းစစ်ဆေးခြင်းများကို သက်ဆိုင်ရာ အဖွဲ့အစည်းများက ဆောင်ရွက်လျက်ရှိကြောင်း၊ အသိပညာပေးမြှင့်တင်ခြင်းအပိုင်းတွင် အခြေခံပညာအဆင့်မှ အထက်တန်းပညာအဆင့်အထိ ဆရာ/မများနှင့် ကျောင်းသား/သူများအတွက် ဆရာကိုင်စာအုပ်များနှင့် ရည်ညွှန်းစာစောင်များလည်း ဖြန့်ဝေထားပြီးဖြစ်သည်ကို သိရှိရကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဦးရဲမင်းစိုး(တရားလွှတ်တော်ရှေ့နေ)၊ စာရေးဆရာ မောင်မောက်(ဝတ်လုံ)က အဂတိ လိုက်စားမှု လျော့နည်းကျဆင်းလာစေရေးအတွက် အသိပညာပေးရေးလုပ်ငန်းများနှင့် တားဆီး ကာကွယ်ရေးသည် အရေးကြီးကြောင်း၊ အဂတိလိုက်စားမှု လျော့နည်းကျဆင်းစေရန် အစိုးရ၊ ပုဂ္ဂလိက နှင့် ပြည်သူလူထုတို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ယခုကဲ့သို့ အသိပညာပေး Talk Show အစီအစဉ်များကို ပြုလုပ်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရွေ့တစ်ခုဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေး Talk Show ကို We Love Page Yankin Page နှင့် ပြည်သူ့စာကြည့်တိုက် Page တို့တွင် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးက အသိပေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ဆက်)