ကျိုင်းတုံမြို့၌ မြန်မာသက္ကရဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျိုင်းတုံ မတ် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၁၃ ရက် နံနက် ၉ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်းက ကျိုင်းတုံ၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ်ကို ကျိုင်းတုံနာရီစင်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ကျိုင်းတုံရိုးရာ သင်္ကြန်ဖားစည်ပွဲ ဖွင့်ပွဲကို ဧပြီလ ၁၃ ရက်နေ့တွင် ပြုလုပ်၍ ဖားစည်ပို့ဆောင်ပွဲကို ဧပြီလ ၁၄ ရက်နေ့တွင် ပို့ဆောင်သွားမည်ဖြစ်ကြောင်း၊ သက်ကြီးဘိုးဘွားပူဇော်ပွဲကို ဧပြီလ ၁၇ ရက် (နှစ်ဆန်းတစ်ရက်) တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သင်္ကြန်ကာလတွင် နိုင်ငံကျော် အဆိုတော်များ၊ သင်္ကြန်ယိမ်းအကများ၊ တိုင်းရင်းသားရိုးရာအကများဖြင့် သီဆို၊ ကပြ ဖျော်ဖြေတင်ဆက်နိုင်ရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးပြောကြားရာ တက်ရောက် လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ယဉ်ကျေးမှုရိုးရာ အသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက သင်္ကြန်ကာလအတွင်း ပြည်သူများ စိတ်အေးချမ်း ပျော်ရွှင်စွာ ရေကစားနိုင်ရေးစသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)