မိုးမောက် အောက်တိုဘာ ၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကာလတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်းကို မိုးမောက်မြို့ အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ယနေ့ နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကိုက အရပ်သားမှ အထူးရဲတပ်ဖွဲ့ဝင် ဆောင်ရွက်မည့်အခါ စည်းကမ်း၊ စည်းလုံးညီညွှတ်မှု၊ တစ်ဦးနှင့်တစ်ဦး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်တတ်မှုတို့သည် အရေးကြီးသော လိုက်နာရမည့် အကြောင်းအရာများဖြစ်ကြောင်း၊ သင်တန်းတက်ရောက်သည့် ကာလတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နေထိုင်ကြရန် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးဝဏ္ဏစိုးအောင်က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် အထွေထွေ ရွေးကောက်ပွဲကြီးကို နိုင်ငံတစ်ဝန်းလုံး တစ်ပြိုင်တည်း ကျင်းပပြုလုပ်မည်ဖြစ်သောကြောင့် ရွေးကောက်ပွဲ လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိ လက်ရှိအင်အားဖြင့် လုံလောက်မှုမရှိသည့်အတွက် အထူးရဲများကို ခန့်အပ် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းနှင့် ယခုသင်တန်းတွင် အထူးရဲတပ်ဖွဲ့ဝင်များ သိရှိလိုက်နာ ဆောင်ရွက်ရမည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ အခြားသိမှတ်ဖွယ်ရာများ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံနှုန်းများနှင့် ကြေညာစာတမ်းများစသည့် သိမှတ်ဖွယ်ရာ များကို ထုတ်နုတ်သင်ကြား သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် မိုးမောက်၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်မြို့များမှ အထူးရဲတာဝန် ဆောင်ရွက်မည့် သင်တန်းသား(၄၅)ဦး တက်ရောက်မည်ဖြစ်ကြောင်းနှင့် သင်တန်းနည်းပြအဖြစ် မြို့မရဲစခန်းမှူး ဒုတိယ ရဲမှူးဇော်ဝင်းနှင့် အဖွဲ့တို့က ဆောင်ရွက်မည်ဖြစ်ပြီး သင်တန်းကာလမှာ အောက်တိုဘာ(၁)ရက်နေ့မှ အောက်တိုဘာ(၂၈)ရက်နေ့အထိ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။
လွန်းနန်းထွေး