ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ မြို့မဈေးကြီးအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးရောင်းချသူများကို မီးငြှိမ်းသတ်ရေးလေ့ကျင့်မှုများပြုလုပ်

မြောက်ဦး  မတ်  ၁၃

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့၌ မြို့မဈေးကြီးအား မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ ညနေပိုင်းအချိန်က မီးငြှိမ်းသတ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှဝင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များတို့က မြို့မဈေးကြီး မီးဘေးအန္တရာယ်လုံခြုံရေးအတွက် မတော်တဆမီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဗူးဖြင့် စနစ်တကျ မီးငြှိမ်းသတ်နိုင်မှုအကြောင်းကို ရှင်းလင်းပြောကြားပြီးမီးလောင်မှုဖြစ်ပွားနေစဉ်မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်တတ်စေရန် မီးလောင်ကျွမ်းမှုအား ရေစိုအဝတ်ဖြင့် ဖုံးအုပ်မီးသတ်ခြင်းများကို ဈေးသူ၊ ဈေးသားများအား လက်တွေ့သရုပ်ဖော်ပြသခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ဈေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ် ရေးမှူးများ၊ ဈေးသူ /ဈေးသားများက မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးအတွက် ရေကန်များ၊ ရေပိုက်ခေါင်းများ၊ မီးချိတ်၊ မီးကပ်များ၊ မီးသတ်ဆေးဗူးများထားရှိမှု၊ မီးသတ်ဆေးဗူးများ ဟောင်းနွမ်းပါက အသစ်လဲလှယ် တပ်ဆင်ကြစေရန်နှင့် ဈေးအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခြင်း၊ ဈေးအနီးရှိ ဈေးရောင်းချသည့် ဆိုင်ရှေ့၌ မြောင်းများအတွင်း ရေများပိတ်ဆိုမှုမဖြစ်ပေါ်စေရန်နှင့် အမှိုက်များအား စနစ်တကျ စွန့်ပစ်စေရေးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြင့်စိုး၊စိုးငြိမ်းနိုင် (ပြန်/ဆက်)