ဗန်းမော် မတ် ၁၃
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်တွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစ၍ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီရွေးချယ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲခန့်က ဗန်းမော်မြို့နယ်၊ တာမိုင်းလုံကျေးရွာဘုန်းကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းလုပ်ငန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီရွေးချယ်ရာတွင် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးက ဗန်းမော်ခရိုင်တွင် စီမံကိန်းလုပ်ငန်း(၃)ခု အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ခေတ်မီစံပြကျေးရွာရှိ ကျေးလက်နေပြည်သူများ၏ ဝင်ငွေ တိုးတက်ရေး စီမံကိန်းကို ဗန်းမော်မြို့နယ်၊ မံရေးကျေးရွာတွင်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး စီမံကိန်းကို ဗန်းမော်မြို့နယ်၊ တာမိုင်းလုံကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ အမျိုးသမီးများ ဝင်ငွေတိုးပွားရေးစီမံကိန်းကို ဗန်းမော်မြို့နယ်၊ ခိုကျင်ကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း စီမံကိန်း လုပ်ငန်းများကို မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ပြီး ဆောင်ရွက်မည့် ကျေးရွာကော်မတီအဖွဲ့ဝင် များအား ကျေးရွာပြည်သူများ၏သဘောတူညီမှုဖြင့် ကျေးရွာကော်မတီအဖွဲ့များ ဖွဲ့စည်းခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်