ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင် စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပြီးစီးမှု အောင်ပွဲအဖြစ် စေတီတော်ကြီးအား အနေကဇာတင်လှူခြင်း အခမ်းအနား ကျင်းပ

ကျောက်ဆည် မတ် ၁၃

မန္တလေးဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အနော်ရထားမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သည့် ရွှေသာလျောင်းတောင် စေတီတော်ရင်ပြင်တွင် ယမန်နေ့ နံနက်(၆)နာရီက ရွှေသာလျောင်း၊ ရွှေမုဌော၊ မဟာမြတ်လေးဆူ ဘုရားများ၏ ဂေါပကအဖွဲ့များဦးစီးပြီး ကုသိုလ်ရှင်ပြည်သူများ စုပေါင်း၍ စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ပြီးစီးမှု အောင်ပွဲအဖြစ် စေတီတော်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူပွဲတော် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူပွဲတော်တွင် ဖောင်ရွာရပ်ကွက်၊ ကုန်းမြင့်သာပရိယတ္တိစာသင်တိုက် ဦးစီးနာယက ဘဒ္ဒန္တ စက္ကိန္ဒာဘိဓဇ ဆရာတော်မှ ငါးပါးသီလ တရားချီးမြှင့်ပြီး ရေစက်သွန်းချ အနုမောဓာနာတရား ချီးမြှင့်ခဲ့ပြီး အလှူရှင်များက ဘဒ္ဒန္တ စက္ကိန္ဒာဘိဓဇ ဆရာတော်နှင့် ပင့်သံဃာ ဆရာတော်(၁၀)ပါးအား ဝတ္ထုငွေနှင့် လှူဘွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး မျိုးသွင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်း၊ ရွှေသာလျောင်းဘုရားဂေါပကဥက္ကဌ ဦးစိန်မောင်သန်းနှင့် ကုသိုလ်ရှင်များ ပြည်သူများ တက်ရောက်ကြည်ညိုခဲ့ကြောင်း သိရသည်။

သက်မောင်(ပြန်/ဆက်)