တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

တံတား  မတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (Book Club)အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့်ပူးပေါင်း၍ လူငယ်များ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှု့လိုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များဖြစ်ပေါ်လာစေရန်၊ စာဖတ်ရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်းအကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍  စာရေးဆရာအောင်သင်း ရေးသားသည့် ကျောင်းသားလူငယ်တွေ စာအုပ်ဖြင့် စာဖတ်ဝိုင်းကိုယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က နိုင်ငံတော်အစိုးရနှင့်နိုင်ငံ၏လူငယ် ခေါင်းစဥ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်ကဏ္ဍ၊ ပညာရေးကဏ္ဍကို အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်း လူငယ်ဆိုတာအနာဂတ်နိုင်ငံတော်ရဲ့ တာဝန်တွေကို လူကြီးတွေဆီက ပခုံးပြောင်းတာဝန်ယူကြရမည့် ပုဂ္ဂိုလ်တွေဖြစ်ကြောင်း၊ လူငယ်တွေစဥ်းစားဉာဏ်ရင့်သန်ပြီး အမြော်အမြင်နဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်လေးတွေဖြစ်မှ လူတော်လူကောင်းလေးတွေဖြစ်မှ အနာဂတ်မြန်မာနိုင်ငံတော်ဟာ အဖက်ဖက်က တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ မျက်မှောက်ခေတ်ကာလတွင် ပညာခေတ်၏စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အမြဲလေ့လာသင်ယူနေသော လူ့ဘောင်ကိုဖန်တီးပေးနိုင်သည့် ပညာရေးစနစ်ဖြစ်ထွန်းလာစေရန် အလေးထား၍ ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် (Book Club)အဖွဲ့ဝင် မောင်အောင်သူဟိန်းမှ ဆရာဆိုတာ ခေါင်းစဥ်ဖြင့်လည်းကောင်း (Book Club)အဖွဲ့ဝင် ဦးခင်မောင်ဝင်းနှင့် တက်ရောက်လာသော စာပေချစ်မြတ်နိုးသူစာပေဝါသနာရှင်များမှ စာအုပ်ပါအကြောင်းအရာများဖြစ်သော ကျောင်းသားလူငယ်တွေခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးပြောကြားကာ အတွေးအမြင်ဗဟုသုတများ ဖလှယ်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (ပြန်/ ဆက်)