ကျောက်ဆည် မတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ယနေ့နံနက်(၁၀)နာရီခွဲက စူဠဘွဲ့နှင်းသဘင်နှင့် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက ၂၀၂၂ ခုနှစ်၊ မတ်၊ ဧပြီနှင့် ဇွန်လများတွင် နိုင်ငံတော်အစိုးရမှ ကြီးမှူးကျင်းပခဲ့သော ဓမ္မစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲ၊ နိကာယ်စာမေးပွဲများတွင် ဖြေဆိုအောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်(၁၃၄)ပါး၊ ပင့်သံဃာ (၄၆)ပါး စုစုပေါင်း သံဃာ(၁၈၀)ပါးတို့အား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆပ်ကပ်ချီးမြှင့်မည့် စူဠဘွဲ့နှင်းသဘင်နှင့် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါအခမ်းအနားတွင် ဌာနဆိုင်ရာများ၊ စက်ရုံ/အလုပ်ရုံများအနေဖြင့် သဒ္ဒါတရား ထက်သန်စွာဖြင့် ပါဝင်စုပေါင်းလှူဒါန်းနိုင်ရေး ရှင်းလင်းပြောကြားခဲ့ရာ ဌာနဆိုင်များနှင့် စက်ရုံ/အလုပ်ရုံများမှ မိမိတို့လောင်းလှူသွားမည့် အလှူငွေနှင့် လှူငွေပစ္စည်းများ၏ တန်းဖိုးများအား မတ်(၁၃)ရက်နေ့တွင် ပြုစုပေးပို့သွားမည်ဖြစ်ကြောင်း ပြန်လည်တင်ပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ စူဠဘွဲ့နှင်းသဘင်နှင့် မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို မတ်လ (၁၇)ရက်၊ သောကြာနေ့ နေ့လည်(၁)နာရီအချိန်တွင် ကျောက်ဆည်မြို့ သီရိသာသနာ့ဓမ္မာရုံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်