တွံတေး မတ် ၁၃
ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်လမ်းညွန်ထားရှိမှုနှင့်အညီ တွံတေးမြို့နယ် ပသီကျေးရွာ ငါးမွေးမြူရေးလုပ်ငန်းရှင်များအား ငါးမွေးမြူရေးလုပ်ကိုင်ရာတွင် အထောက်အကူရရှိပြီး၊ ပိုမိုငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်အတွက် ငါးမွေးမြူရေးနည်းပညာသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီတွင် ပသီကျေးရွာ မူလတန်းကျောင်းတွင် ပိုချသင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့တွံတေးခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်မောင်ထွဋ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးလုပ်ငန်းများမှ ဝင်ငွေများပိုမိုရရှိစေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ တိုးတက်လာသည့် မွေးမြူရေးဆိုင်ရာ နည်းပညာများ သင်ကြားတက်မြောက်ပြီး ငါးမွေးမြူရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ပြီး မိသားစုဘဝပိုမို တိုးတက်၍ဝင်ငွေများတိုးပွားစေရေးအတွက် နည်းပညာပေးသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပြီး သင်တန်းမှရရှိလာမည့် နည်းပညာရပ်များဖြင့် ငါးမွေးမြူရေးလုပ်ငန်းနယ်ပါယ်တွင် ကြီးပွားတိုးတက်ပြီးဝင်ငွေတိုးပွားစေရန် ဆောင်ရွက်ကြရန် အလေးထားတိုက်တွန်း ပြောကြားခဲ့သည်။
ထိုနောက်သင်တန်းနည်းပြ တွံတေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်မောင်ထွဋ်နှင့် ဝန်ထမ်းများ တွံတေးငါးလုပ်ငန်းတာဝန်ခံ ဒေါ်မိမိခိုင်မှ ငါးမွေးမြူရေးနည်းပညာသင်တန်းအား သင်ကြားပို့ချရာတွင် ငါးမွေးမြူရေးဆိုင်ရာ အခြေခံငါးမွေးမြူရေး၊ ငါးမှုန်ငါးသန်ပြုစုခြင်း၊ ငါးဆေးထိုး သားဖောက်ခြင်း၊ ငါးအသားတိုး မွေးမြူခြင်းတို့အား သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ တွံတေးခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးဌာနမှူး ဦးတင်မောင်ထွဋ်နှင့်ဝန်ထမ်းများ၊ ပသီကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ငါးမွေးမြူရေးလုပ်ငန်းရှင်များ၊ ဝါသနာရှင် သင်တန်းသား၊ သင်တန်းသူ (၃၅ )ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
တွံတေးသား (ပြန်/ ဆက်)