ဗန်းမော်မြို့တွင် ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း  အစည်းအဝေးကျင်းပ

ဗန်းမော် မတ် ၁၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၁၃ ရက် နံနက် ၁၀  နာရီခွဲခန့်က ကျင်းပခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် နယကအဖွဲ့၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ အသီးသီး ဖွဲ့စည်းတာဝန်ပေးအပ်ထားပါကြောင်း၊ ပထမဦးစွာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး ဗဟိုမဏ္ဍပ် ဆောက်လုပ်မည့်နေရာရွေးချယ်ထားမှုနှင့် မဏ္ဍပ်ဆောက်လုပ်ရာတွင် လိုအပ်သည့် ပစ္စည်းများကို ရှာဖွေစုဆောင်းထားရှိရန် လိုအပ်ကြောင်း၊ အခမ်းအနားပြင်ဆင်မည့် အခြေအနေများ၊ ရေကို လုံလုံလောက်လောက်သုံးစွဲနိုင်ရေး စီမံထားမှုအခြေအနေများ၊ ကြိုဆိုနေရာချထားရေး၊ ဖိတ်ကြားရေးနှင့် ဧည့်ခံရေးလုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်သည်များ ပြင်ဆင်ထားကြရန်နှင့် ဖျော်ဖြေရေး လုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေး လုပ်ငန်းကော်မတီ၊ ဇီဝိတဒါန ငါးလွှတ်ပွဲကျင်းပရေးကော်မတီ၊ အန္တရာယ်ကင်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပရေးကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီ စသည်ဖြင့်ကော်မတီအလိုက် အသီးသီးဆွေးနွေးတင်ပြကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ကော်မတီအသီးသီးအလိုက် လိုအပ်သည်များ တင်ပြဆွေးနွေးခဲ့ကြပြီး ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက  ကော်မတီအဖွဲ့ဝင်များ အနေဖြင့် မိမိတို့တာဝန်ကျသည့် ကော်မတီအသီးသီးအလိုက်ထပ်မံ ညှိနှိုင်းအစည်းအဝေးများ ဆောင်ရွက်၍ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကော်မတီအလိုက်ကုန်ကျမည့် ခန့်မှန်းကုန်ကျစရိတ်များကို တွက်ချက်တင်ပြကြရန်နှင့် ယခင်နှစ်ကအားနည်းချက်များကို ပြင်ဆင်၍ အားသာချက်များ ဖြစ်လာအောင် ဌာနဆိုင်ရာတာဝန်ရှိသူများအားလုံး စည်းစည်းလုံးလုံး တက်တက်ကြွကြွဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)