ပင်းဘောမြို့၌ ဓမ္မရာဇိကအောင်တော်မူ စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်မြတ် တင်လှူပူဇော်ပွဲနှင့် တံခွန်တိုင်ရေစက်ချပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

မိုးညှင်း မတ် ၁၃

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ပင်းဘောမြို့ ဓမ္မေခကုန်းမြေ၌ တည်ထား ကိုးကွယ်ကြမည့် ဓမ္မရာဇိကအောင်တော်မူ စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်မြတ် တင်လှူပူဇော်ပွဲနှင့် တံခွန်တိုင်ရေစက်ချပွဲကို မတ်လ (၁၈)ရက်မှ (၂၂)ရက်ထိ ငါးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စေတီတော်မြတ်ကြီးအား တည်ထားကိုးကွယ်ရာတွင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာမှ ပင့်ဆောင် လာတော်မူသည့် မြတ်ဗုဒ္ဓ၏ ဓါတ်တော်အစစ်အား ကိန်းဝပ်စံပါယ် အပူဇော်ခံမည်ဖြစ်ရာ  သောဘဏာရာမ ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကောဝိဒ ဦးစီးဦးဆောင်မှုဖြင့် တပည့် ဥပါသကာ၊ ဥပါသိကာမ ဘုရားဒါယကာ ဘုရားဒါယိကာမများမှ လှူဒါန်းငွေ စုစုပေါင်းတန်ဖိုးငွေကျပ် သိန်းသုံးသောင်းခန့်ရှိ တည်ထားတော်မူသည့် စေတီဉာဏ်တော် (၁၀၈)ပေ၊ ဘိနပ်တော်အချင်း (၁၂၀)ပေရှိ ဥမင်လိုဏ်အမျိုးအစားဖြစ်ပြီး ပင်မစေတီတော်ကြီး အပါအဝင် စေတီရံကြီး (၄)ဆူနှင့် စေတီရံငယ် (၈)ဆူ စုစုပေါင်း စေတီ(၁၂)ဆူကို တည်ထားတော်မူသည့် ဓမ္မရာဇိက အောင်တော်မူ စေတီတော်မြတ်ကြီးအား ရပ်နီးရပ်ဝေးမှ ပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ပါကြောင်း သိရသည်။

ဓမ္မရာဇိကအောင်တော်မူ စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်မြတ် တင်လှူပူဇော်ပွဲနှင့် တံခွန်တိုင်ရေစက်ချပွဲတွင် ဇာတ်သဘင်ပွဲများ၊ စျေးရောင်းပွဲတော်များ၊ ဒေသခံ တိုင်းရင်းသားရိုးရာအဖွဲ့မှ အကအလှများနှင့် မြစ်ကြီးနား ယဉ်ကျေးမှုဌာန စည်တော်ကြီးအဖွဲ့မှ ကပြ ဖျော်ဖြေသွားကြမည်ဖြစ်ကြောင်း၊ နိုင်ငံကျော် တေးသံရှင်အဆိုတော် မမေသက်ထားဆွေအပါအဝင် အခြားအဆိုတော်များလည်း သံစဉ်တေးသီချင်းများဖြင့် သီဆိုဧည့်ခံဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ထီးတော်တင်ပွဲတွင် ပင်းဘောဒေသအတွင်းရှိ ဆရာတော်ကြီးများ အပါအဝင် ပင့်ဖိတ်သံဃာတော် အပါး(၂၃၀)အား ပင့်ဖိတ်၍ တစ်ပါးလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ဆပ်ကပ် လှူဒါန်းသွားမည်ဖြစ်ပြီး ထီးတော်တင်လှူပွဲအပြီးတွင် ရဟန်း၊ သံဃာ၊ သာမဏေနှင့် သီလရှင် အပါး (၄၀၀)ခန့်အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပသွားမည်ဖြစ်သည်။

ထို့နောက် ထီးတော်တင်ပွဲကျင်းပနေစဉ်အတွင်း လာရောက်ဘုရားဖူးပြည်သူများကို နေ့စဉ် စတုဒိသာ အာဟာရများဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း၊ ထီးတော်တင်ပွဲမကျင်းပမီ မတ်လ(၁၅)ရက်မှ (၁၇)ရက်အထိ သုံးရက်တာ အကြိုတရားပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ ကုသိုလ်ဒါန ပါဝင်လိုသည့် သဒ္ဒါကြည်လင် ပါရမီရှင်များအနေဖြင့် လာရောက်ကုသိုလ် ပြုနိုင်ပါရန် ဆရာတော် ဒေါက်တာဘဒ္ဒန္တကောဝိဒ (ဖုန်း ၀၉-၇၉၇၄၆၂၅၆၅)နှင့် ဦးရဲမြင့်ဦး (ဖုန်း ၀၉-၆၆၀၈၆၈၅၄၂)သို့ ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း သိရသည်။

ရွှေမိုးညှင်း