(၂၆)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ

ချမ်းမြသာစည်   မတ် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ဘုရားကြီးဝန်းအတွင်းရှိ သာသနာ(၂၅၀၀) ဗိမာန်တော်၌ (၂၆)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ ၁၂:၂၀နာရီက ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားအား နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး သံဃာ့နာယက အဖွဲ့အကျိုးတော်ဆောင် ဒက္ခိဏရာမဘုရားကြီးတိုက်၊ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဝါသဝက ဩဝါဒကထာများ မိန့်ကြားခဲ့သည်။ ဆက်လက်၍ ဆရာတော်ကြီးများနှင့် မြို့နယ်သံဃနာယကဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ပထမကြီးတန်းစာအောင် သံဃာတော် (၈)ပါး၊ ပထမလတ်တန်း စာ‌အောင် သံဃာတော် (၁၄)ပါး၊ ပါဠိပထမငယ်တန်း စာအောင် သံဃာတော် (၄၈)ပါး၊ ပါဠိအခြေပြုမူလတန်း‌စာအောင်သံဃာ  (၈၅)ပါးနှင့် စာအောင်လူပုဂ္ဂိုလ် (၃)ဦးတို့အား အောင်လက်မှတ်နှင့် ၀တ္တုငွေများကို တာ၀န်ရှိသူများမှ အသီးသီးဆက်ကပ်လှူဒါန်း အပ်နှင်းခဲ့ကြပြီး  အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံတိဌတု”သုံးကြိမ်ရွတ်ဆိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ညောင်ကန်တိုက်၊  တိုက်အုပ်၊ ဆရာတော်အဘိဓဇမဟာရဌဂုရုဘဒ္ဒန္တက္ကုန္ဒက၊ မန္တလေးတိုင်း ဒေသကြီး သံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင်ဒက္ခိဏရာမဘုရားကြီးတိုက်၊ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဝါသဝ၊ အမှူးပြုသော ဆရာတော်ကြီး(၅)ပါးနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်ခဲ့သည့် သံဃာတော် (၁၅၅)ပါး ၊ လူပုဂ္ဂိုလ် (၃)ဦး၊ စုစုပေါင်း (၁၅၈)ပါးတို့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းကျော်၊ မြို့နယ်လဝကမှူး ဦးရဲမင်းထွန်းနှင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြည်ညိုခဲ့ကြကြောင်း သိရသည်။

ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)