ညောင်ဦးခရိုင်အတွင်းရှိ မျိုးကြက်သွန်စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်း ‌ကြက်သွန်နီမျိုးစေ့ ထုတ်ရောင်းချိန် ဈေးကောင်းရရန်မျှော်လင့်

ညောင်ဦး   မတ်  ၁၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ကြက်သွန်မျိုးပန်းစိုက် တောင်သူများ အောင်မြင်ဖြစ်ထွန်းကာ ကြက်သွန်မျိုးပန်းစိုက်တောင်သူများ ဝမ်းသာလျက်ရှိပြီး ပြန်ရောင်းချိန် ဈေးကောင်းရရှိရန်မျှော်လင့်နေကြကြောင်း သိရသည်။

ညောင်ဦးခရိုင်အတွင်းရှိ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ၊ ညောင်ဦးမြို့နယ် ကျေးလက်ကြက်သွန်စိုက်တောင်သူများသည် ကြက်သွန်ပေါ်ချိန်တွင် ကြက်သွန်မျိုးကောင်းမျိုးသန့် ရရှိစေရန် ရှယ်ဥခေါ်လုံးဝန်းကြီးမားသည့် ဥများအား ရွေးချယ်ထားကြကာ ကြက်သွန်မျိုး ပန်းစိုက်ပျိုးချိန်တွင် စိုက်ပျိုးကြကြောင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းလတို့တွင် မျိုးပန်းကြက်သွန်ဥများ စတင်စိုက်ပျိုးကြကြောင်း သိရပြီး စိုက်ပျိုးပြီး တစ်လခန့်ကြာလျှင် ကြက်သွန် ဥမှမန်တိုင်ခေါ် စိန်ဖူးသဏ္ဍန်ကြက်သွန် အဖူးထွက်လာကြောင်း၊ ကြက်သွန်တစ်ဥလျှင် ကြက်သွန်ပန်း ပွင့်ဖူးနှစ်ဖူးမှ လေးဖူးအထိ မျိုးပန်းကြက်သွန်ဖူးထွက်လေ့ရှိကြောင်း ကျောက်ပန်းတောင်းမြို့နယ် မုန့်ကုန်းကျေးရွာ ကြက်သွန်စိုက်တောင်သူ ဦးနေမျိုးထွန်းက ရှင်းပြသည်။

မျိုးစေ့ကြက်သွန်များကို ဧပြီလနှင့်မေလ မိုးမကျမီ အချိန်တွင် ဆွတ်ခူးကာ နေလှန်း၍ ကြက်သွန် မျိုးစေ့ထုတ်ယူပြီး လုံခြုံသော ပုံးများဖြင့် ထည့်ထားပေးရသည်။ ဆောင်းကြက်သွန်ခေါ်လှောင်ကြက် သွန်စိုက်ပျိုးချိန်တွင် ကြက်သွန်မျိုးစေ့များ အရောင်းအဝယ်ဖြစ်ကြပြီး ကြက်သွန်မျိုးစေ့ တစ်ပြည်လျှင် ရှစ်သောင်းကျပ်မှ တစ်သိန်းကျပ်ထိ အရောင်းအဝယ်ဖြစ်ကြောင်း သိရပြီး ကြက်သွန်မျိုးစေ့ အရောင်းအဝယ် ငါးနှစ်တာကာလအတွင်း ၂၀၁၉ ခုနှစ်တွင် ကြက်သွန်မျိုးစေ့ တစ်ပြည် နှစ်သောင်းငါးထောင်ကျပ်ထိ ကြက်သွန်မျိုးစေ့ ဈေးနှုန်းကျဆင်းခဲ့သောကြောင့် မျိုးပန်းစေ့ စိုက်ပျိုးရောင်းချသူများ၊ လှောင် လက်ပွဲစားများအရှုံးပေါ်ခဲ့ကြောင်း သိရသည်။

ကြက်သွန်စိုက်ပျိုးရာတွင် အဓိကအချက်ဖြစ်သည့် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်းက ကြက်သွန်ဖြစ်ထွန်းပြီး ဥဥနှုန်းကောင်းကာ ကြက်သွန်ဥကြီးပြီးစိုက်ပျိုးသည့် တောင်သူများတွက် ခြေကိုက်နိုင်ကြောင်း၊ မျိုးပန်းစိုက်ပျိုးချိန် ကြက်သွန်မျိုး ဥကောင်းဥသန့်ရွေးချယ်မျိုးထောင်ပါက ကြက်သွန်စိုက်ပျိုးချိန် သိသိသာသာအထွက်နှုန်းကျဆင်းကြောင်း ညောင်ချိုင်းကျေးရွာကြက်သွန် စိုက်တောင်သူ ဦးစိုးသိန်းက ရှင်းပြသည်။ ကျောက်ပန်းတောင်းမြို့နယ် ကြက်သွန်စိုက်တောင်သူများ သည် ကြက်သွန်မျိုးများအား ကိုယ်တိုင်မျိုးကောင်းမျိုးသန့်ရွေးချယ်ကာ ပျိုးထောင်စိုက်ပျိုးခြင်းဖြင့် ကြက်သွန်အထွက်နှုန်း ကောင်းမွန်ကြကြောင်း သိရပြီး ကြက်သွန်မျိုးပန်းပျိုးထောင်ကြသည့် ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာ၊ လက်ပံအိုင့်ကျေးရွာ၊ ညောင်ဖြူပင်ကျေးရွာ၊ မုန့်ကုန်းကျေးရွာ၊ ညောင်ချိုင်း၊ ကင်းမွန်းခြုံ၊ ကျောက်တံခါးကျေးရွာများမှ ကြက်သွန်မျိုးပန်း ထောင်တောင်သူများ၊ ညောင်ဦးမြို့နယ်  လက်ပံခြေပေါ်အုပ်စုကျေးရွာများ၊ သစ်ထောင့်ကျွန်းကျေးရွာ၊ သဖန်းကုန်းကျေးရွာ၊ ကြအိုကျေးရွာ၊ အနောက်ပုလင်းကျေးရွာ ကြက်သွန်မျိုးပန်းစေ့ အောင်မြင်ဖြစ်ထွန်းခြင်းကြောင့် ကြက်သွန်မျိုးပန်း စေ့ထုတ်ယူရောင်းချချိန် ဈေးကောင်းရရန် မျှော်လင့်နေကြကြောင်း သိရသည်။

ဒီပါလင်း