ကျောက်ဆည် မတ် ၁၃
မန္တလေးတိုင်းဒေသကြီးအတွင်း ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ ဒေသအတွင်းကုန်စည်စီးဆင်းမှု မြန်ဆန်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ပျက်စီးနေသည့် လမ်းများ၊ လမ်းတာဘောင်များ၊ တံတားများ အား ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လမ်းရေရှည်တည်တံ့ရေး တောင်ကျရေတိုက်စားမှုကြောင့် ဘယ်လင်း-စွန်ရဲ-ရွှေလှံဗိုလ်-ရဲရွာလမ်းမှ ပျက်စီးခဲ့သော လမ်းတာဘောင်များအား ကျောက်ရိုးစီ မြေကာနံရံများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပျက်စီးနေသည့် လမ်းတာဘောင်နေရာသည် လမ်း၏(၅၅)ကီလိုမီတာနှင့်(၅၅.၅) ကီလိုမီတာ အတွင်းရှိ အရှည်(၃၄)မီတာနှင့် (၄၆.၅)ကီလိုမီတာနှင့်(၄၇)ကီလိုမီတာအတွင်းရှိ အရှည်(၆၆)မီတာ စုစုပေါင်း (၁၀၀)မီတာဖြစ်ပြီး လမ်းတာဘောင် ကျောက်ရိုးစီးခြင်းလုပ်ငန်းများကို မန္တလေးတိုင်း ဒေသကြီး ပြင်ဆင်ထိန်းသိမ်းခြင်း ခွင့်ပြုရန်ပုံငွေ(၉၀.၀၀)ကျပ်သန်းဖြင့် မြို့နယ်လမ်းဦးစီးဌာနမှ သတ်မှတ်အချိန်၊ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာဖြင့် ဆောင်ရွက်ပေးခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘယ်လင်း-စွန်ရဲ-ရွှေလှံဗိုလ်-ရဲရွာ လမ်းသည် ရန်ကုန်-မန္တလေးကားလမ်းနှင့် ဆက်သွယ်ထားသော လမ်းတစ်လမ်းဖြစ်သဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် များစွာ အကျိုးသက်ရောမှုရှိကြောင်းနှင့် လမ်းဦးစီးဌာနအနေဖြင့် ဒေသအတွင်း ကုန်စည်စီးဆင်းမှု လျင်မြန်စေရေး၊ မြိုပြနှင့် ကျေးလက်ကွာဟမှုမရှိစေရေး ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လမ်းများ၊ တံတားများ၊ လူနေထိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ပေးခြင်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အချိန်နှင့်ကုန်ကျမှုစရိတ်သက်သာစေရေး၊ ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန် ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း သယ်ယူနိုင်ရေး လိုအပ်သည့် လုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)