မလှိုင် အောက်တိုဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် မော်တော်ယာဉ် ဉပဒေသစ်နှင့်ပတ်သက်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ အကြောင်း အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝးခန်းမ၌ ကျင်းပပြုလုပ်သည့် ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ အစည်းဝေး၌ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် ယာဉ် အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို အလေးထားလိုက်နာကြရန် မှာကြားခဲ့ပြီး မိမိတို့ကျေးရွာများသို့ ပြန်လည်မျှဝေသွားရန် တိုက်တွန်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်က မော်တော်ယာဉ် ဉပဒေသစ်တွင် ပြဌာန်းထားသော ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဉပဒေသစ်တွင် ပုဒ်မ (၇၅) ပါပြဌာန်းချက် အသစ်များနှင့် အပြစ်ပေးအရေးယူခံနိုင်ရသည့် ပြစ်ဒဏ်များအကြောင်း ကိုလည်းကောင်း၊ ဆောင်ရန်၊ ရှောင်ရန် လိုက်နာရမည့်အချက်များ အကြောင်း၎င်း ပညာပေး ဟောပြောခဲ့ပြီး ပြည်သူ များ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ပြန်လည်အသိပေး ဆွေးနွေးသွားရန် တိုက်တွန်းမှာကြား ခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြား ချက်များနှင့်အညီ တစ်ဦးနှင့်တစ်ဦး (၆) ပေကွာခြား၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်/ကျေးရွာ အုပ်စုများမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)