ပုဇွန်တောင်မြို့နယ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဈေးကားများဖြင့် စားသောက် ကုန်များ စျေးနှုန်းချိုသာစွာ လာရောက်ရောင်းချ

ပုဇွန်တောင် မတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ပြည်သူများစားရေးသောက်ရေး အဆင်ပြေစေရန်၊ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်၊ ဈေးများသို့သွားရောက်၍ ဝယ်ယူစရာမလိုဘဲ စားသုံးနိုင်စေရန်နှင့် ဆန်၊ ဆီ၊ ကြက်ဥနှင့် သန့်ရှင်းလတ်ဆတ်သောအသားများကို ဝယ်ယူစားသုံးနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်က အမှတ်(၅)ရပ်ကွက်၊ အောက်ပုဇွန်တောင် လမ်း၊ ညောင်တန်းအိမ်ရာရှေ့တွင် ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေး ခဲ့ကြောင်းသိရသည်။

ထိုသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပုဇွန်တောင်မြို့နယ်အတွင်း ဈေးကားများဖြင့် လာရောက်ရောင်းချပေးရာတွင် ဆီတစ်ပိဿာလျှင် ၄၈၀၀ကျပ်နှုန်း၊ ကြက်သား တစ်ပိဿာလျှင် ၈၀၀၀ကျပ်နှုန်း၊ ဝက်သား   တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်နှုန်း၊ အမဲသား  တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်နှုန်း၊ ဆိတ်သား  တစ်ပိဿာလျှင် ၂၃၀၀၀ကျပ်နှုန်း၊   ငါးမျိုးစုံ  တစ်ပိဿာလျှင်  ၄၅၀၀ ကျပ်မှ ၈၀၀၀ကျပ်နှုန်းတို့ဖြင့် ဆီ ၁၂၀ ပိဿာ၊ ကြက်သား ၅ ပိဿာ၊ ဝက်သား ၁၅ ပိဿာ၊ ဆိတ်သား ၃ ပိဿာ၊ အမဲသား ၅ ပိဿာ၊  ငါးမျိုးစုံ ၄ ပိဿာ တို့အား လူတန်းစားမရွေး ဝယ်ယူနိုင်သည့် အလေးချိန် များနှင့် ဈေးနှုန်းသက်သာစွာဖြင့် နံနက် ၆ နာရီမှ ၉ နာရီထိ ရောင်းချပေးခဲ့သည်။

အဆိုပါဈေးရောင်းချရာသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပြည်သူ့ကျန်းမာရေးဌာန ဌာနမှူး ဒေါက်တာမြင့်သန်းထွန်းနှင့်အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် အဖွဲ့ဝင်များမှ လာရောက်ကြည့်ရှုအားပေးခဲ့ပါကြောင်းနှင့် မြို့နယ်စည်ပင်သာယာအုပ်ချူပ်ရေးမှူး ဦးဆောင်သော မြို့နယ်ရုံးဝန်ထမ်းများနှင့် အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်