တွံတေး မတ် ၁၂
ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၏ ဦးဆောင်မှုဖြင့် တွံတေးခရိုင်၊ တွံတေးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်ပွဲကို မတ်(၁၀)ရက် ညနေ ၃ နာရီက မြို့မဘောလုံးကွင်း၌ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။
ယခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများတွင် ဘောလုံး၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ ကြက်တောင်၊ မြန်မာ့သိုင်းအားကစားနည်း(၆)မျိုးတို့ကို သက်ဆိုင်ရာအားကစားနည်းအလိုက် နည်းပြများက အခြေခံနည်းစနစ်များလေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းစတင်ဖွင့်လှစ်သည့်နေ့တွင် တွံတေးမြို့နယ် အခြေခံပညာဦးစီးဌာနမှ ဒုတိယဦးစီးမှူးဆရာမ ဒေါ်ဖြူဖြူ(ကာယ၊ ကျန်းမာ၊ စာကြည့်တိုက်)မှ သင်တန်းတက်ရောက်သော ကျောင်းသား ၊ကျောင်းသူများအား ယခုအခြေခံသင်တန်းသည် တစ်ဦးနှင့်တစ်ဦးယှဥ်ပြိုင်ရန်မဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ကာယ ဖွံ့ဖြိုးရေးကျန်းမာကြံခိုင်ပြီး ခန္ဓာကိုယ်သန်စွမ်းရေးအတွက် ယခုကဲ့သို့နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်ပေးခြင်းဖြင့် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်ရေးအတွက် အခြေခံကျသော ကျောင်းသား၊ ကျောင်းသူလူငယ်လေးများအား ပြုစုပျိုးထောင်ပေးနိုင်ခြင်း၊ နွေရာသီအားလပ်ရက်များအား အကျိုးရှိစွာအသုံးချနိုင်ခြင်း၊ အားကစားဆောင်ရွက်ခြင်းဖြင့် ကျန်းမာသန်စွမ်းသော မျိုးဆက်သစ်အားကစားသမားကောင်းများပေါ်ထွက်လာခြင်း၊ အခြေခံမှသည် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည်အထိ ထူးချွန်ထက်မြက်သောအားကစားသမားများပေါ်ထွန်းရေးအတွက်ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ရှိသူက သင်တန်းကိုမတ်လ(၁၀)ရက်နေ့မှ မတ်လ(၃၀)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမှာဖြစ်သည့်အတွက် သင်တန်းသား၊ သင်တန်းသူများ အားကစားနည်းသင်တန်းစည်းကမ်းများကို လိုက်နာကာ အားကစားနည်းအလိုက် သင်ကြားပေးမည်သင်တန်းဆရာများနှင့် မိတ်ဆက်ပေးခဲ့သည်။ သင်တန်းကို နေ့စဥ်ညနေ ၃ နာရီမှညနေ ၅ နာရီအထိ အခြေခံအားကစားနည်းစနစ်များ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တွံတေးသား