မလှိုင်မြို့နယ်အတွက် ‌ဆေးဖျန်းစက်လှူဒါန်းခဲ့ကြသည့် မြို့မိ၊ မြို့ဖ များကို ဂုဏ်ပြုလွှာပေးအပ်

မလှိုင် အောက်တိုဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်‌ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ လိုအပ်သည့်နေရာ များတွင် အသုံးပြုနိုင်ရန်အတွက် မြို့မိ မြို့ဖများက‌ စုပေါင်း၍ ဆေးဖျန်း ရေမှုန်အမြောက်စက်တစ်လုံးကို လှူဒါန်းခဲ့ရာ အဆိုပါ လှူဒါန်းမှုအတွက် ဦးဆောင် ပါဝင်ခဲ့သည့် မြို့မိမြို့ဖျားကို ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲတွင် မြို့နယ် ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်‌ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ကျေးဇူးတင်ဂုဏ်ပြု အမှာစကား ပြောကြားခဲ့ပြီး မြို့မိ၊ မြိုဖ ဦးကျောက်ခဲက ဆေးဖျန်းစက်နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်နိုင်နှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ နေမင်းမျိုးထွန်းတို့က တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြသည့် မြို့မိ၊ မြို့ဖ၊ ဦးကျောက်ခဲ၊ ဦးသန်းထွန်း၊  ဦးခင်မောင်စန်း၊ ဦးစောထွန်းနှင့် ဦးစိန်မင်းမင်းတို့(၅ ) ဦးအား ဂုဏ်ပြု မှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့သည်။

ဆေးဖျန်းစက်နှင့် ဆက်စပ်ပစ္စည်းများ၏ လှူဒါန်းမှု စုစုပေါင်းတန်ဘိုးမှာ ငွေကျပ် (၂ဝ၁၆၂၅ဝ) ဖြစ်ပြီးစက်ကြီးကို မြို့ပိုင်အဖြစ်ထားရှိကာ ဆေးဖျန်းရန် လိုအပ်၍ အကူညီတောင်းခံလာပါက မိမိ မြို့နယ်အတွင်း မည်သည့်ကျေးရွာမဆို အကူညီများ ပေးသွားမည်ဖြစ်ပြီး ကျန်းမာရေးဌာန၏ ခွင့်ပြုချက်၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်‌ရေး ကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)