ရန်ကင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် နွေရာသီမြန်မာ့သိုင်း (အခြေခံသင်တန်း) ဖွင့်လှစ်

ရန်ကင်း မတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ အခြေခံပညာကျောင်းသား/သူများ မြန်မာ့သိုင်းပညာကို လေးစားမြတ်နိုးတန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ နွေရာသီမြန်မာ့သိုင်း (အခြေခံသင်တန်း)ကို ၁-၃-၂၀၂၃ ရက်နေ့မှ ၃၁-၃-၂၀၂၃ ရက်နေ့အထိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်   ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ လူငယ်များနှင့်ပတ်သက်သည့် ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး၊ ကာယဉာဏဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းရေး၊ သက်လုံကောင်းမွန်ရေးတို့အတွက် ရိုးရာသိုင်းပညာကို လေ့လာသင်ယူသင့်ကြောင်း၊ ဓားသိုင်းအက၊ လှံသိုင်းအလှ၊ ယနေ့ခေတ်တွင် ထင်ရှားလူသိများသည့် တိုက်ခိုက်ရေးအားကစား၊ ရိုးရာလက်ဝှေ့တို့၏ ပင်မရေသောက်မြစ်သည် မြန်မာတို့၏ ရိုးရာသိုင်းပညာဖြစ်ကြောင်းသိရှိနိုင်ရန်နှင့် လေ့လာသင်ယူတတ်မြောက်နိုင်ရန် ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ လူမျိုးတိုင်းတွင် ကိုယ်ပိုင်ကိုယ်ခံပညာ၊ တိုက်ခိုက်ရေးပညာရှိ​ကြသော်လည်း သမိုင်းအစဉ်အဆက် လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကြသည့် မြန်မာ့ရိုးရာသိုင်းပညာ၏ အကျိုးကျေးဇူးကို ကျောင်းသား/သူများ သိရှိနားလည်နိုင်စေရန်အတွက် နွေရာသီမြန်မာ့သိုင်း (အခြေခံသင်တန်း)ကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အိရွှေစင်(ပြန်/ဆက်)