ပျဉ်းမနားမြို့နယ်(အရှေ့ခြမ်း) တောင်ပေါ်တိုင်းရင်းသားကျေးရွာများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် နယ်လှည့်အသိပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပျဉ်းမနား မတ် ၁၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတ တိုးပွားရရှိစေရေး အတွက် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ဆောင်ရွက်နေလျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပျဉ်းမနားမြို့နယ်(အရှေ့ခြမ်း) တောင်ပေါ်တိုင်းရင်းသား ကျေးရွာများသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် နယ်လှည့်အသိပညာပေးကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက သစ်တွန်ကျေးရွာအုပ်စု၊ ဖလောင်းကျေးရွာသို့  သွားရောက်ဆောင်ရွက်ပေးခဲ့ သည်။

ရှေးဦးစွာ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က နယ်လှည့်အသိပညာပေး ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာဖတ်ရှိန် မြှင့်တင်ရေး ဟောပြောဆွေးနွေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပေးအပ်လှူဒါန်းသည့် ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်(၇၇)ဆူကို သစ်တွန်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများထံသို့ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် တာဝန်ရှိသူများ က သစ်တွန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းဗိုလ်နှင့် ဒေသခံတိုင်းရင်းသားပြည်သူများထံ လက်ရောက် ပေးအပ် လှူဒါန်းကြသည်။

၎င်း‌နောက် သုတ၊ ရသ စာအုပ်စာစောင် (၁၀၀)ကို နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး(တာဝန်ပေး) ဒေါ်ခင်မာဖြူက ဖလောင်းကျေးရွာ သုံးနားညီကျေးရွာ စာကြည့်တိုက်သို့ ပေးအပ်လှူဒါန်းသည်။

ပျဉ်းမနားမြို့နယ်(အရှေ့ခြမ်း) သစ်တွန်ကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း(၁၁)ရွာတို့တွင် ကရင်တိုင်းရင်းသား အများစုနေထိုင်သည့်ကျေးရွာများဖြစ်ပြီး အခမ်းအနားသို့တက်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသား များက ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်၊ လူငယ်ရေးရာကဏ္ဍ အသိပညာပေးနံရံကပ်စာစောင်များနှင့် ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ သစ်တွန်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများမှ တိုင်းရင်းသားဒေသခံပြည်သူ ၁၁၀ ဦး တက်ရောက်ခဲ့သည်။

အခမ်းအနားအပြီးတွင် နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ Diamond Dragon Co.Ltd မှ စားသုံးဆီများကို တစ်ပိဿာလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ဆီပိဿာချိန်(၈၀၀)ကို ဒေသခံတိုင်းရင်းသား ပြည်သူများအား  ရောင်းချပေးခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)