ပင်လောင်း မတ် ၁၁
ကျောင်းသား/သူများ နွေရာသီ ကျောင်းအားလပ်ရက်တွင် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ မိမိတို့စိတ်ပါဝင်စားသည့် အားကစားနည်းကို အခြေခံစနစ်တကျ တတ်မြောက်စေရန်၊ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး အခြေခံ စစ်တုရင်ကစားနည်း သင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် မတ်လ (၄) ရက်နေ့မှ စတင် ဖွင့်လှစ်ခဲ့ရာ သင်တန်းသားများမှ စိတ်ဝင်တစား တက်ရောက်ကစားလျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်တုရင်အခြေခံကစားနည်းသင်တန်းတွင် မြို့နယ်စစ်တုရင်လက်ရွေးစင် ကစားသမားဟောင်းများမှ လက်တွေ့သင်ကြားပို့ချပေးလျက်ရှိပြီး အလားတူဘောလုံးသင်တန်း၊ ဘော်လီဘောသင်တန်း၊ စစ်တုရင်သင်တန်း၊ Fitness Dance သင်တန်းနှင့် အေရိုးဗစ် သင်တန်းများတွင်လည်း သင်တန်းသား၊ သင်တန်းသူများက စိတ်ဝင်တစား တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရှိရသည်။
နွေရာသီအခြေခံအားကစားသင်တန်းများတွင် အမျိုးသား/အမျိုးသမီး ဘောလုံးသင်တန်းကို အထက (၁)၊ အထကနောင်တရား၊ အထကတီကျစ်ကျောင်းကွင်းနှင့် ထီတလိကျေးရွာတွင် လည်းကောင်း၊ အေရိုးဗစ်၊ ဗိုဗီနမ်နှင့် ဘော်လီဘောသင်တန်းကို မြို့နယ် မိုးလုံလေလုံ အားကစားရုံတွင်လည်းကောင်း၊ Fitness Dance သင်တန်းကို အထကနောင်တရား ကျောင်းကွင်း တွင်လည်းကောင်း၊ စစ်တုရင်သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွင်လည်းကောင်း သင်တန်းဖွင့်လှစ်ပေးလျက်ရှိပြီး အဆိုပါသင်တန်းများကို ၂၀၂၃-ခုနှစ် မတ်လ (၇) ရက်နေ့မှ မတ်လ (၃၁) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်မူစန်းစန်းအေး ထံမှသိရသည်။
မြို့နယ်(ပြန်/ဆက်)