နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်လှစ်

နမ္မတူ    မတ်   ၁၁

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးမှ ဒေသခံပြည်သူများ ကုန်ကျစရိတ်သက်သာစေရန် အိမ်တွင်းလုပ်ငန်းဖြင့် အပိုဝင်ငွေရရှိစေရန်ရည်ရွယ်၍ ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ယနေ့နံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော သင်တန်းသားများဖြင့် SLES (N70) 500g ကို ပုံးထဲတည့်၍ ရေမပါဘဲမွှေခြင်း၊ အမျှင်လေးများဖြစ်လာလှင် ရေသန့် ၁၀ လီတာထည့်၍ ရေနှင့်တစ်သားထဲပျော်ဝင်သည်အထိ မိနစ် (၃၀)ခန့်မွှေခြင်း၊ SLS (150g)ကို ရေသန့် ၁ လီတာဖြင့် အချောင်းလေးများ ပျော်သည်အထိမွှေခြင်း၊ Nacl ဆား 700gကို ဆပ်ပြာပုံးထဲတည့်၍မွှေခြင်း၊ Washing အမှုန့်ကို ရောထည့်၍ ကျေအောင်မွှေခြင်း၊ အရောင်နှင့် အနံထည့်ပြီးမွှေခြင်း စသည်ဖြင့် ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်း အဆင့်ဆင့်အား သင်တန်းသားများဖြင့် စာတွေ့လက်တွေ့ ဆောင်ရွက်ခဲ့သည်။

သင်တန်းသို့ ဒေသခံသင်တန်းသားပြည်သူ (၁၀)ဦးခန့် တက်ရောက်ခဲ့ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူများက သင်တန်းသားတစ်ဦးလျှင် ဘက်စုံသုံးဆပ်ပြာဆီ (၁)လီတာဘူး တစ်ဘူးနှုန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)