နောင်ချိုမြို့နယ်တွင် ဈေးကွက်အတွင်း Parbisure အမည်ဖြင့် ဆေးဝါးများရောင်ချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

နောင်ချို  မတ် ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ စားသုံးသူဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဈေးကွက်အတွင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ထောက်ခံချက်မပါဘဲ Parbisure အမည်ဖြင့် အကြောအားဆေးအား ရောင်းချနေမှု ရှိ/မရှိကို တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၁ နာရီက နောင်ချိုမြို့မဈေးအတွင်း/အပြင်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် Towards Uitimate Company Limited သည် ဂျာမနီနိုင်ငံထုတ် Parbisure၊ V/HV Injection အကြောအားဆေးအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)  ထောက်ခံချက်နှင့်အညီ တရားဝင်တင်သွင်းရောင်းချလျက်ရှိကြောင်းနှင့် ယခုအခါ ဈေးကွက်အတွင်း အဆိုပါဆေးနှင့် Composition & Strength တူ၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦစီးဌာန၏ အသိအမှတ်ပြု DRC No. မပါရှိသော Parbisure အမည်ဖြင့် အကြော အားဆေးအား မြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များတွင် တင်သွင်းရောင်းချခြင်း ရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး အဆိုပါဆေးအား ဈေးကွက်အတွင်း ရောင်းချနေမှုအား စစ်ဆေး တွေ့ရှိရပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆေးနှင့်ဆေး ပစ္စည်း အရောင်းဆိုင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့များက မြို့မဈေးအတွင်းရှိ ဆေးဆိုင်များသို့ စစ်ဆေးဆောင်ရွက်ခဲ့ ကြောင်းနှင့် စစ်ဆေးရန်ကျန်ရှိနေသော ရပ်ကွက်များအတွင်းရှိ ဆေးအရောင်းဆိုင်များသို့လည်း ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

ထွေးငယ်(ပြန်/ဆက်)