ဂွမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကျင်းပ

ဂွ မတ် ၁၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့ ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ရာ ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လူငယ်လူရွယ်များအနေဖြင့် ကြိုတင်ကာကွယ် သိရှိထားရမည့် လူကုန်ကူးမှုအန္တရာယ် အကြောင်း၊ လူကုန်ကူးမှုဖြစ်ပွားတတ်သည့်ဖြစ်စဥ်များ၊ မိမိတို့၏ပတ်ဝန်းကျင်တွင် ဖြစ်ပွားပါက လူကြီးမိဘများအား အသိပေးအကြောင်းကြားရမည့်ဖြစ်စဥ်များ စသည့် အသိပညာပေးလုပ်ငန်းများအား ဆွေးနွေးဟောပြောခဲ့ပြီး စားသုံးသူရေးရာမှ မြို့နယ်တာဝန်ခံ ဒေါ်မာမာလေးက  လူငယ်များအနေဖြင့် ရွေးချယ်စားသောက်ရမည့် အစားအစာများအကြောင်း အသိပညာပေး ဆွေးနွေးခဲ့သည်။

ထို့နောက်  လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ပြသခဲ့ရာ တက်ရောက်လာသူများက စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော် (ပြန်/ဆက်)