ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ပုဗ္ဗသီရိ မတ် ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ "လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ" ကို ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ သည်။

အဆိုပါဟောပြောပွဲတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်သန္တာလင်းက လူငယ်လူရွယ်များ မူးယစ်ဆေးဝါး အန္တရာယ်ကိုသိရှိ၍ မူးယစ်ဆေးဝါးကင်းစင်သည့် လူငယ်များဖြစ်လာစေရန်၊  နိုင်ငံတော်က အားထားရသည့် လူတော်၊ လူကောင်းများဖြစ်လာစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး နေပြည်တော် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)မှ ဥက္ကဋ္ဌ ဦးဇော်အောင်က "လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုဥက္ကဋ္ဌ ဦးတင်ငွေ မှ "လူငယ်နှင့် မူးယစ်ကင်းစင်ရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ ဒေါ်နန်းဝင်းဝင်းစိန်က လူငယ် နှင့် မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းနှင်းအေးက " လူငယ်နှင့်အား ကစား" ခေါင်းစဉ်ဖြင့်လည်း ကောင်း အသီးသီး ဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသည့်ကျောင်းသားကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

သန္တာလင်း (ပြန်/ ဆက်)