စဉ့်ကိုင် မတ် ၁၀
သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်ဖော်ဆောင်၍ မျှော်မှန်းချက်အားဆောင်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အုန်းလက်ကောက်ကျေးရွာ၌ ယနေ့နံနက်(၈)နာရီက ကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင် ကျေးလက်ဒေသသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦး၀င်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ခင်မိမိအောင် ကကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ရာ ကျေးရွာပြည်သူများကိုယ်စား ဒေသခံရပ်မိမိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောက်ဆည်ခရိုင် ကျေးလက်ဒေသသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦး၀င်းမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့၀င် (၁) ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းဆွေတို့က ကျေးရွာကုန်ထုတ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တာ၀န်ရှိသူများက ကုန်ထုတ်လမ်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာကုန်ထုတ်လမ်းသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘဏ္ဍာရရန်ပုံငွေဖြင့် မြေသား၂ပေ၊ ထုတင်၉လက်မ၊ ဂျင်းခင်းခြင်း၊လမ်းအရှည် ၁ မိုင် (၃.၂၆) ဖာလုံ၊ ကွန်ကရစ်တံတား (၁၄ပေ×၂၀ပေ×၁၀ပေ) ဖြစ်ပြီး ကုန်ကျငွေ (၁၂၆.၃၅)သန်းအကုန်အကျခံဆောင်ရွက်ခဲ့ရာ ကျေးရွာကုန်ထုတ်လမ်း ပြီးစီးသွားသည့်အတွက် ကျေးလက်နေပြည်သူများ၏ လယ်ယာ ထွက်ကုန်များ သယ်ယူစရိတ်သက်သာပြီး စျေးကွက်သို့ရောက်ရှိစေခြင်း။ တောင်သူများ အဓိကထားစိုက်ပျိုးထားသည့် စပါး၊ ပဲမျိုးစုံ၊ နေကြာ၊ ငရုတ်တို့ကိုသယ်ယူစရိတ်သက်သာစေခြင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ ခဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာ၀န်ရှိသူတစ်ဦးကပြောကြားခဲ့ကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)