ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် သောက်သုံးရေစတင်ပေးဝေခြင်းအခမ်းအနားပြုလုပ်

ဒဂုံတောင် မတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ စိုက်မွေးရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် ယနေ့နံနက်(၀၈:၀၀)အချိန်က (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် သောက်သုံးရေစတင်ပေးဝေခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်)၊ ဒုမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများက (လမ်းအရှည်၂၁၆၀၃၊အကျယ်၄၈ပေ)ရှိသော ဘုရင့်နောင်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လမ်းခင်းကျင်းထားရှိမှုအခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းခင်းကျင်းထားရှိမှု အခြေအနေများ၊ ရေရှည်ခိုင်မာမှုရှိရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို​တာဝန်ရှိသူများနှင့်အသေးစိတ် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါလမ်းခင်းကျင်းပေးခြင်းဖြင့် မြို့နယ်၊ရပ်ကွက်အတွင်းရှိ မိဘပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူစေရန်နှင့် လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက်ရည်ရွယ်၍ တည်ဆောက်ပေးထားခြင်းဖြစ်သည်။

ထို့နောက် တာဝန်ရှိသူများအနေဖြင့် လဂွန်းပြင်ရေပေးဝေရေးစခန်းသို့ရောက်ရှိခဲ့၍ ရေပေးဝေမှုအခြေအနေများ၊ စက်ယန္တရားလည်ပတ်နေမှုအခြေအနေတို့အား ဝင်ရောက်ကြည့်ရှု၍ လိုအပ်သည်များ တွေ့ဆုံဆွေးနွေးပေးခဲ့ကြောင်း သတင်းရရှိသည်။

သက်မင်းဟန်(ဒဂုံတောင်)